နယူးဇီလန်နိုင်ငံမှာ အခြားလူတွေအဖြစ် ဟန်ဆောင်ပြီး တစ်ရက်အတွင်း COVID-19 ကာကွယ်ဆေး ၁၀ ကြိမ်အထိ လှည့်ပတ်ထိုးခဲ့ကြောင်း စွပ်စွဲခံရတဲ့ အမျိုးသားတစ်ဦးကို စုံစမ်းစစ်ဆေးနေပါတယ်။
ထိုအမျိုးသားဟာ ကာကွယ်ဆေးထိုးပြီးကြောင်း မှတ်တမ်းဝင်လိုပေမဲ့ ကာကွယ်ဆေးထိုးရန် တွန့်ဆုတ်နေသူတွေထံကနေ ငွေရယူပြီး ၎င်းတို့ကိုယ်စား ဟန်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ COVID-19 ကာကွယ်ဆေးကိစ္စ ထူးထူးဆန်းဆန်း ယခုဖြစ်ရပ်ကို နယူးဇီလန်အခြေစိုက် Stuff သတင်းဌာနက ပထမဆုံး ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

(Photo: Getty Images)
အမည်မဖော်ပြထားတဲ့ အမျိုးသားဟာ တစ်ရက်တည်းမှာပင် ကာကွယ်ဆေးထိုးတဲ့နေရာ ၁၀ ခုကို လှည့်ပတ်သွားခဲ့ပြီး ၁၀ ကြိမ်အထိ ကာကွယ်ဆေးထိုးခဲ့တယ်လို့ ယုံကြည်ရပါတယ်။ နယူးဇီလန်မှာ ကာကွယ်ဆေးထိုးသူတွေဟာ မည်သူမည်ဝါဖြစ်ကြောင်း မှတ်ပုံတင်ကဲ့သို့ သက်သေခံ အထောက်အထား စာရွက်စာတမ်း ပြသစရာ မလိုအပ်ဘူးလို့ ဆိုပါတယ်။
ယခုဖြစ်ရပ်ဟာ အမှန်တစ်ကယ်ရှိခဲ့ကြောင်း နယူးဇီလန် ကျန်းမာရေးဝန်ကြီးဌာနကလည်း ဝန်ခံထားပါတယ်။ COVID-19 ကာကွယ်ဆေးထိုးအစီအစဥ်ရဲ့ ကြီးကြပ်ကွပ်ကဲသူ Astrid Koornneef က အာဏာပိုင်တွေအနေနဲ့ ယခု လိမ်လည်မှုကိစ္စကို သိရှိထားတယ်လို့ ပြောပါတယ်။ သို့သော် မည်သည့်နေရာမှာ ထိုလိမ်လည်မှုဖြစ်ခဲ့ကြောင်း အတိအကျကိုတော့ တာဝန်ရှိသူတွေက ထုတ်မပြောခဲ့ပါဘူး။
(Photo: Stephane Mahe)
"ဒီကိစ္စကို အလေးအနက်ထား ဆောင်ရွက်နေပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး အလွန်စိုးရိမ်ပြီး သင့်တော်တဲ့ဌာနတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေပါတယ်" လို့ Koornneef က Stuff ကို ပြောပါတယ်။ "တကယ်လို့ လူတစ်ယောက်က သတ်မှတ်ထားတဲ့ အကြိမ်ရေထက်များပြီး ကာကွယ်ဆေးထိုးခဲ့တယ်ဆိုရင် ဆေးရုံ/ဆေးခန်းကနေ အကြံပြုချက်ယူပြီး အမြန်ဆုံး ကုသမှုခံယူပါ" လို့ ၎င်းကဆိုပါတယ်။ ကာကွယ်ဆေးကျွမ်းကျင်သူတွေနဲ့ ကိုယ်ခံအားစနစ်ဆိုင်ရာ ကျွမ်းကျင်သူတွေက ထိုအမျိုးသားရဲ့ လုပ်ရပ်အပေါ် မယုံနိုင်စရာ တစ်ကိုယ်ကောင်းဆန်မှုအဖြစ် ပြောဆိုရှုတ်ချနေကြကြောင်း သိရပါတယ်။