
photo- ဆူးလေဘုရားမှာ COVID စည်းကမ်းချက်တွေနဲ့အညီ ပြင်ဆင်ထားမှု
ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ကလည်း ဘုရားတွေပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် သက်ဆိုင်ရာဂေါပကအဖွဲ့တွေထံ လမ်းညွှန်မှုတွေဆောင်ရွက်ထားပြီး ဘုရားတွေမှာတော့ ဇူလိုင် (၃၀)ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်နိုင်အောင် ဆောင်ရွက်လျှက်ရှိပါတယ်။ သက်ဆိုင်ရာ ဘုရားဂေါပကအဖွဲ့တွေအနေနဲ့ကတော့ ဘုရားဖူးပြည်သူတွေကို သတ်မှတ်စည်းကမ်းချက်တွေနဲ့ အညီ လိုက်နာမှုရှိမှာ ဘုရားရင်ပြင်ပေါ်ကို တက်ရောက်ဖူးမြော်ခွင့်ပြုမှာ ဖြစ်တယ်လို့ သိရပါတယ်။
“ အခုတော့ ညွှန်ကြားချက်အတိုင်း ဇူလိုင် (၃၀)ရက်နေ့ ပြန်လည် ဖွင့်လှစ်နိုင်အောင် ဆောင်ရွက်နေပါပြီ။ ဘုရားပေါ်မှာ လက်စေးဘေစင်တွေနဲ့၊ လက်သန့်ဆေးရည်တွေကိုလည်း စနစ်တကျထားရှိပေးထားတယ်။ ဘုရားပေါ်မတက်ခင်မှာလည်း နာမည်စာရင်းကောက်တာတွေ ၊ ကိုယ်ပူချိန်တိုင်းတာတွေဆောင်ရွက်မယ်။ လူစုလူဝေးမဖြစ်အောင်တော့ လာတဲ့ လူအုပ်စုလိုက်တောင် စနစ်တကျခွာပြီးမှ ဘုရားပေါ်တက်ခိုင်းတာတွေနဲ့ mask မပါရင် ဘုရားပေါ်လုံးဝတက်ခွင့်မပေးပါဘူး။ mask မပါရင်လည်း ဂိတ်မှာ ဝေတာတွေလုပ်ဆောင်သွားမှာပါ”လို့ ဆူးလေဘုရား ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။
photo- ဆူးလေဘုရားမှာ COVID စည်းကမ်းချက်တွေနဲ့အညီ ပြင်ဆင်ထားမှု
ရွှေတိဂုံဘုရားဖူးမြော်ခွင့်ကိုတော့ အွန်လိုင်းကနေ နာမည်စာရင်းကြိုတင်ပေးပြီးမှ နေ့စဉ်လူအကန့်အသတ်နဲ့ဖူးမြော်ခွင့်ပြုသွားမှာပါ။ တစ်နေ့ကို ဘုရားဖူး (၂၀၀၀)သာ တက်ရောက်ခွင့်ပြုသွားမှာဖြစ်တယ်လို့ ဂေါပကအဖွဲ့ထံမှသိရပါတယ်။
“အွန်လိုင်းမှ စာရင်းပေးပြီး လာရောက်ဖူးမြော်ခွင့်ပေးမှာဖြစ်လို့ ဘုရားရဲ့ မုလ်လေးမုခ်လေးကို ဖွင့်ပေးထားမှာပါ။ ဘုရားရင်ပြင်ကလည်း အကျယ်ကြီးဖြစ်လို့ လူတွေကိုလည်း လူစုလူဝေးမဖြစ်အောင် စည်းကမ်းတကျတက်ခွင့်ပြုမယ်။ ဘုရားကိုတော့ မနက် (၉)နာရီကနေ ညနေ (၃)နာရိထိသာ ဖွင့်လှစ်မှာဖြစ်တယ်” လို့ ဘုရားဂေါပကအဖွဲ့ဝင် ဒေါက်တာရဲအောင်က Duwun ကိုပြောပါတယ်။
COVID ကာလအတွင်းမှာ မြန်မာနိုင်ငံအနှံ့အပြားကဘုရားတွေကို ဖူးမြော်ခွင့်ယာယီပိတ်ထားခဲ့ရာမှာ ကာလအတော်ကြာခဲ့ပြီး လက်ရှိမှာတော့ သတ်မှတ်စည်းကမ်းချက်တွေနဲ့ အညီပြန်လည်ဖွင့်လှစ်ခွင့်ပြုထားပြီဖြစ်ပါတယ်။ ဘုရားတွေကို အချိန်အကန့်အသတ်၊ လူအကန့်အသတ်တွေနဲ့ ဖူးမြော်ခွင့်ပြုထားပြီး သက်ဆိုင်ရာ အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်တွေအတိုင်း COVID စည်းကမ်းချက်တွေကိုလည်း စနစ်တကျစီစဉ်ဆောင်ရွက်ထားရှိလျှက်ရှိပါတယ်။