• Featured

    နယူးဇီလန်က အနာဂတ်မျိုးဆက်သစ်တွေအတွက် စီးကရက်ရောင်းချမှု တားမြစ်ပိတ်ပင်သွားမည်

ပြဌာန်းသွားမယ့် ဥပဒေအရ ၂၀၀၈ ခုနှစ်နောက်ပိုင်း မွေးဖွားသူအားလုံးဟာ ဆေးလိပ်ဝယ်ယူခွင့်ရှိမှာ မဟုတ်ပါဘူး

နယူးဇီလန်နိုင်ငံက အဆုံးတစ်နေ့မှာ နိုင်ငံတွင်း ဆေးလိပ်သောက်မှုမရှိရန် ရည်ရွယ်ချက်ဖြင့် ၎င်းရဲ့ နောင်လာမယ့် မျိုးဆက်သစ်တွေကို ဆေးလိပ်ရောင်းချခွင့် တားမြစ်ပိတ်ပင်သွားမှာ ဖြစ်ပါတယ်။

လာမယ်နှစ်အတွင်း အစိုးရက အတည်ပြု ပြဌာန်းသွားဖွယ်ရှိတဲ့ ဥပဒေတစ်ရပ်အရ နယူးဇီလန်မှာ ၂၀၀၈ ခုနှစ်နောက်ပိုင်း မွေးဖွားသူအားလုံးဟာ ဆေးလိပ်ဝယ်ယူခွင့်ရှိမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ "လူငယ်တွေ ဆေးလိပ်ကို အစလုပ် မသောက်ဖြစ်တာ သေချာအောင် လုပ်ဆောင်လိုပါတယ်" လို့ ကျန်းမာရေးဝန်ကြီး ဒေါက်တာ Ayesha Verall က ပြောပါတယ်။

image

(Photo: Getty Images)

ယခု ဆောင်ရွက်မှုဟာ နယူးဇီလန် ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ (ဒီဇင်ဘာ ၉ ရက်) ထုတ်ပြန်ကြေညာလိုက်တဲ့ ဆေးလိပ်သောက်မှု တိုက်ဖျက်ရေးအစီအစဥ်ရဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။ ဆေးလိပ်ဝယ်ယူနိုင်မှုကို လျှော့ချသွားပြီး စီးကရက်တွေမှာ နီကိုတင်း (nicotine) ပမာဏ ကန့်သတ်မယ့် ယခုအစီအစဥ်ကို ဆရာဝန်နဲ့ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ကြိုဆိုခဲ့ကြပါတယ်။

နယူးဇီလန်က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆေးလိပ်သောက်မှုနှုန်းကို ၂၀၂၅ ခုနှစ်မှာ ၅ ရာခိုင်နှုန်းသို့ လျှော့ချသွားရန်နဲ့အတူ နောက်ဆုံးမှာ ဆေးလိပ်သောက်မှု ပပျောက်ရေး ရည်မှန်းချက်ချထားပါတယ်။ လက်ရှိမှာ နယူးဇီလန်ရဲ့ အရွယ်ရောက်ပြီး လူဦးရေ ၁၃ ရာခိုင်နှုန်းက ဆေးလိပ်သောက်ကြပြီး ထိုနှုန်းဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုက ၁၈ ရာခိုင်းနှုန်းရှိခဲ့ရာမှ လျော့ကျသွားခဲ့တာလည်း ဖြစ်ပါတယ်။

(Photo: Reuters)

သို့သော် Maori တိုင်းရင်းသားလူဦးရေကြား ဆေးလိပ်သောက်မှုနှုန်းကတော့ ၃၁ ရာခိုင်နှုန်းခန့်ရှိနေပြီး ၎င်းတို့ဟာ ရောဂါဖြစ်ပွားမှုနဲ့ သေဆုံးမှုနှုန်း ပိုမြင့်တယ်လို့ ဆိုပါတယ်။ နယူးဇီလန်ကျန်းမာရေးဝန်ကြီးဌာနရဲ့ အဆိုအရ ဆေးလိပ်သောက်ခြင်းက ကင်ဆာရောဂါ ၄ ခုအနက် တစ်ခုကိုဖြစ်စေကြောင်းနဲ့ ၎င်းရဲ့ လူဦးရေ ၅ သန်းအတွက် တားဆီးနိုင်တဲ့ သေဆုံးမှုကို ဖြစ်စေတဲ့ အဓိက အကြောင်းရင်းတစ်ရပ် ဖြစ်နေဆဲလို့ သိရပါတယ်။

ယနေ့ ကြေညာလိုက်တဲ့ ဆေးလိပ်တိုက်ဖျက်ရေး အစီအစဥ်အရ နယူးဇီလန်အစိုးရက စီးကရက်တွေကို စူပါမတ်ကက်တွေနဲ့ စတိုးဆိုင်တွေရဲ့ အဝေးနေရာမှာသာ ရောင်းချခွင့်ပြုမယ့် သိသိသာသာ ကန့်သတ်ချက်အပါအဝင် ဆေးလိပ်ထိန်းချုပ်ရေးကိုလည်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ဆေးလိပ်ရောင်းချခွင့်ပြုတဲ့ ဆိုင်အရေအတွက်ကို လက်ရှိ ၈၀၀ ကနေ ၅၀၀ အဖြစ်သို့ လျှော့ချသွားမယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က