နယူးဇီလန်မှာ လွှတ်တော်အမတ် အမျိုးသမီးတစ်ဦးက ကလေးမွေးဖွားရန် ဆေးရုံသို့ ကိုယ်တိုင် စက်ဘီးစီးသွားရောက်ခဲ့တဲ့သတင်းက လူအများ အံ့အားသင့်ခဲ့ကြရပါတယ်။
ကိုယ်ဝန်လွယ်ထားရတဲ့ လွှတ်တော်အမတ် Julie Anne Genter ဟာ ကလေးမွေးဖွားချင်လာတာကြောင့် ယနေ့ (နိုဝင်ဘာ ၂၈ ရက်) မနက်အစောပိုင်းမှာ ဆေးရုံသို့ စက်ဘီးစီးပြီး ကိုယ်တိုင်အရောက်သွားခဲ့ပါတယ်။ ဆေးရုံရောက်ပြီး တစ်နာရီအကြာမှာ Julie ကလေးမွေးဖွားခဲ့တယ်လို့ ဆိုပါတယ်။

(Photo: Julie Anne Genter's Facebook)
ထို့နောက် နာရီအနည်းငယ်အကြာမှာတော့ Julie က သူမရဲ့ Facebook မှာ "Big news!" လို့ အစချီထားတဲ့ ပို့စ်တစ်ခုရေးသားပြီး ဓာတ်ပုံတွေနဲ့အတူ တင်ထားတာတွေ့ရပါတယ်။ "ဒီမနက် ၃ နာရီ ၄ မိနစ်မှာ ကျွန်မတို့မိသားစုရဲ့ မိသားစုဝင်အသစ်လေးကို ကြိုဆိုခဲ့ကြပါတယ်၊ သားဖွားခန်းကို စက်ဘီးစီးသွားဖို့ ကျွန်မ အမှန်တစ်ကယ်ကို ပြင်ဆင်မထားခဲ့ပါဘူး၊ ဒါပေမဲ့ အဲဒီလို ဖြစ်သွားခဲ့တယ်" လို့ လွှတ်တော်အမတ်က Facebook မှာ ပြောထားပါတယ်။
"မနက် ၂ နာရီလောက် ကျွန်မတို့ အိမ်ကနေထွက်တော့ ကျွန်မ ဗိုက်နာတာက ဒီလောက်မဆိုးပါဘူး၊ ၂ မိနစ် ၃ မိနစ်ခြား တစ်ခါလောက် ဗိုက်နာတာပေါ့၊ ဒါနဲ့ လိုအပ်တာတွေ အသည်းအသန် ပြင်ဆင်ပြီး နောက် ၁၀ မိနစ်ကြတော့ ဆေးရုံကို အချိန်မီရောက်ခဲ့ကြတယ်" လို့ သူမက ရေးထားပါတယ်။
(Photo: Julie Anne Genter's Facebook)
လွှတ်တော်အမတ် Julie ဟာ နယူးဇီလန်-အမေရိကန် နှစ်နိုင်ငံ နိုင်ငံသားခံယူထားသူ ဖြစ်ပါတယ်။ သူမက အမေရိကန်နိုင်ငံ မင်နီဆိုးတားပြည်နယ်မှာ မွေးဖွားခဲ့ပြီး ၂၀၀၆ ခုနှစ်မှာ နယူးဇီလန်သို့ ပြောင်းရွှေ့လာခဲ့ပါတယ်။ လူဦးရေ ၅ သန်းရှိတဲ့ ကျွန်းနိုင်ငံဟာ နိုင်ငံရေးသမားတွေက ရိုးရိုးရှင်းရှင်း နှိမ့်ချပြုမူနေထိုင်ကြတဲ့ ဂုဏ်သတင်းကောင်းရှိထားပါတယ်။
နယူးဇီလန်ဝန်ကြီးချုပ် ဂျက်စင်ဒါအာဒန်းဟာ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားစဥ် ကလေးမွေးဖွားခဲ့သူဖြစ်ပြီး သူမရဲ့ အသက် ၃ လအရွယ် ကလေးလေးကို နို့တိုက်နေဆဲကာလဖြစ်တာကြောင်း ကုလသမဂ္ဂအစည်းအဝေးတစ်ခုသို့ အတူခေါ်ဆောင်လာခဲ့လို့ နာမည်ကြီးခဲ့ပါသေးတယ်။