ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်များ ၊ တပ်မတော်သားကိုယ်စားလှယ်များ ဦးဆောင်တောင်းဆိုထားတဲ့ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အတွက် လွှတ်တော် အထူးအစည်းအဝေးကို ကျင်းပပေးမှာမဟုတ်ဘူးလို့ ထုတ်ပြန်ထားတဲ့ လွှတ်တော်ရဲ့ ထုတ်ပြန်ချက်ကို ကြံ့ခိုင်ရေးပါတီက ပြန်လည်ကန့်ကွက်လိုက်ပါတယ်။
ပြည်ထောင်စုလွှတ်တော်က ဥပဒေပြုလွှတ်တော်ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၄၀၂ကို အနက်အဓိပ္ပါယ်ဖွင့်ဆိုခွင့်မရှိသလို ထိုပြဋ္ဌာန်းချက်ကိုရည်ညွှန်းပြီး အကြောင်းပြချက်ပေး ငြင်းခွင့်လည်းမရှိတဲ့အတွက် ပြည်ထောင်စုလွှတ်တော်ရဲ့ ထုတ်ပြန်ချက်က (၂၀၀၈)ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်နေတယ်လို့ ကြံ့ခိုင်ရေးပါတီက ဒီနေ့ ဇန်နဝါရီ ၁၅ရက်မှာ ထုတ်ပြန်လိုက်တာပါ။
ဥပဒေပြုလွှတ်တော်ဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပုံအခြေခံဥပဒေက ပြဋ္ဌာန်းထားတဲ့ တာဝန်နဲ့လုပ်ပိုင်ခွင့်ကို မျက်ကွယ်ပြုဆုံးဖြတ်တာက ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျုးလွန်တာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဥပဒေပြုရေး၊အုပ်ချုပ်ရေးနဲ့တရားစီရင်ရေး အာဏာတို့က အပြန်အလှန်ထိန်းကျောင်းရတာဖြစ်လို့ ဥပဒေပြုလွှတ်တော်အနေနဲ့ လုပ်ငန်းတာဝန်တွေကို အဂတိတရားကင်းရှင်းစွာ ထမ်းဆောင်ဖို့ဝတ္တရားကို မျက်ကွယ်ပြုလုပ်ဆောင်နေတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခြေခံမူတွေကို လိုက်နာဖို့ ပျက်ကွယ်တာဖြစ်တယ်လို့ ကြံ့ခိုင်ရေးပါတီက ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် လက်ရှိဖြစ်ပေါ်နေတဲ့ ရွေးကောက်ပွဲဆိုင်ရာ မဲမသမာမှုတွေကို လွှတ်တော်တွင်းဆွေးနွေး အဖြေရှာပြီးမှ တတိယအကြိမ်လွှတ်တော်အစည်းအဝေး ခေါ်ယူသင့်တာဖြစ်လို့ ပြည်ထောင်စုလွှတ်တော်ရဲ့ ဇန်နဝါရီ ၁၂ရက်က ထုတ်ပြန်တဲ့ (၁/၂၀၁၂)ထုတ်ပြန်ချက်ကို ကန့်ကွက်တယ်လို့ ကြံ့ခိုင်ရေးပါတီက သဘောထားထုတ်ပြန်ခဲ့ပါတယ်။