ရန်ကုန်တိုင်းအတွင်း အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ မှန်စာအပ်ချည်ကြိုးသုံးပြီး စွန်လွှတ်ခြင်းမပြုဖို့နဲ့ လိုက်နာဆောင်ရွက်ခြင်းမရှိပါက အများဆုံးထောင်ဒဏ်တစ်လအထိ ကျနိုင်တဲ့ ဥပဒေပုဒ်မ (၁၈၈) အရအရေးယူဆောင်ရွက်မှာဖြစ်ကြောင်း ဒေသန္တရအမိန့်တစ်ရပ်ကို ရန်ကုန်တိုင်းအစိုးရက ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်အတွင်းမှာ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းက ဆိုင်ကယ်မောင်းလာသူတစ်ဦးရဲ့ လည်ပင်းကို စွန်လွှတ်တဲ့ အပ်ချည်မှန်စာကြိုးငြိပြီး သွေးထွက်လွန်ကာ သေဆုံးခဲ့ပြီးနောက် အခုလို ဒေသန္တရ အမိန့်ထုတ်ပြန်လိုက်တာဖြစ်တယ်လို့ မင်္ဂလာတောင်ညွှန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းက ပြောပါတယ်။

ဓာတ်ပုံ- မန္တလေးစွန်ချစ်သူများ
“ အခုကာလက လူငယ်၊လူရွယ်တော်တော်များများက အများပြည်သူဆိုင်ရာနေရာတွေမှာ စွန်လွှတ်နေကြတယ်။ မှန်စာကြိုးတွေကလည်း အန္တရာယ်များပါတယ်။ ဒါကြောင့် ကျွန်တာ်တို့က အများပြည်သူအကျိုးအတွက် ထပ်မံပြီးတော့ လူသေဆုံးမှုမရှိအောင် ဒေသန္တရ အမိန့်ထုတ်ပြန်တားမြစ်ခဲ့တာပါ။ တစ်ချို့လူတွေက မှန်စာကြိုးနဲ့မဟုတ်ဘူး။ ရိုးရိုးချည်ကြိုးနဲ့ လုပ်တာပါဆိုပြီး ပြောပေမယ့် အမှုမဲ့အမှတ်မဲ့ မှန်စာကြိုးသုံးလိုက်ရင် ဒီလိုမျိုး လူသေဆုံးမှုတွေ ဖြစ်လာနိုင်တာပဲ။ ဒါကြောင့်မို့ အများပြည်သူဆိုင်ရာနေရာတွေမှာ ဘယ်လိုနည်းနဲ့မှ အနှောင့်အယှက်ဖြစ်စေမယ့် လုပ်ရပ်မျိုးတွေ မလုပ်စေချင်ဘူး။ ဘယ်လိုကြိုးနဲ့ပဲ လုပ်လုပ်တားမြစ်ရမှာပါ ” လို့ အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းက Duwun ကိုပြောပါတယ်။
လက်ရှိမှာတော့ အရေးယူဆောင်ရွက်မှုတွေကို ချက်ချင်းလုပ်ဆောင်မှာမဟုတ်သေးဘဲ သက်ဆိုင်ရာမြို့နယ်အလိုက် အသိပညာပေးတားမြစ်တာတွေကို လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် စွန်လွှတ်လိုသူတွေအနေနဲ့ အများပြည်သူဆိုင်ရာနေရာတွေမှာ မဟုတ်ဘဲ တစ်ခြားသူတွေကို မထိခိုက်စေနိုင်တဲ့ အစွန်အဖျားနေရာ၊ ကွင်းပြင်လိုနေရာမျိုးတွေမှာ လွှတ်သင့်ကြောင်း အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းက အကြံပြုပြောပါတယ်။
“ လက်ရှိအချိန်မှာတော့ ကျွန်တော်တို့မြို့နယ်အတွင်းမှာ စွန်လွှတ်တာတွေ တွေ့ရင်ပညာပေးတယ်။ ဆွေးနွေးပြီး ပြန်လွှတ်လိုက်တာပေါ့။ နောက်တစ်ကြိမ်ထပ်တွေ့ရင်တော့ ဥပဒေအရ အရေးယူရမှာတွေ ဖြစ်လာမယ်”လို့ အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းက ဆိုပါတယ်။
အများပြည်သူသက်ဆိုင်ရာနေရာတွေမှာ မှန်စာကြိုးအသုံးပြုပြီး စွန်လွှတ်ခြင်းမပြုဖို့ ဒေသန္တရအမိန့်ကို ရန်ကုန်တိုင်းအစိုးရက ဇန်နဝါရီလ (၁၉) ရက်က ထုတ်ပြန်ခဲ့ပြီးနောက် မြို့နယ်အသီးသီးက အသိပညာပေးမှုတွေ၊ အရေးယူမှုတွေကို ဆက်လက်ဆောင်ရွက်မှာဖြစ်တယ်လို့လည်း သိရပါတယ်။