Sony ရဲ့ ကင်မရာအသားပေး Xperia 1 III ပရီမီယံဖုန်းသစ်ရဲ့ ဒီဇိုင်းနဲ့ Specs တချို့အကြောင်း သတင်းထွက်လာပါတယ်။
Sony ရဲ့ အသစ်ထွက်လာမယ့် Flagship ဖုန်းသစ်ဟာ ဒီဇိုင်းပိုင်းမှာ Mark 11 နဲ့ ဆင်ပြီး အထက်အောက် ဘောင်တွေကို ပိုပါးလာဖို့ ရှိပါတယ်။ နာမည်ကြီး စမတ်ဖုန်းသတင်းသမား @OnLeaks ကနေ ထွက်လာတဲ့ Renders ပုံအရ ဒီဇိုင်းပိုင်းမှာ Xperia 1 II ကို နည်းနည်း အဆင့်မြှင့်လိုက်တဲ့ ဗားရှင်းအဖြစ် မြင်ရဖို့ ရှိပါတယ်။ Flat panel အမျိုးအစား ဖြစ်ပြီး မျက်နှာပြင်အရွယ်အစား ၆.၅ လက်မ OLED display နဲ့ လာမှာပါ။
Photo: The Verge
Cinematic 21:9 aspect ratio နဲ့လာပြီး 4K Resolution ရုပ်ထွက်ပါရှိမှာပါ။ brightness ကိုတော့ အရင်ထက် ၁၅% ပိုတောက်ပမှု မြှင့်ထားဖို့ ရှိပါတယ်။ စပီကာတွေဟာ စတီရီယို စပီကာအမျိုးအစားဖြစ်ပြီး Screen အပေါ်နဲ့ အောက် Bezel တွေမှာ တပ်ဆင်သွားမှာပါ။ ၂၀၂၁ flagship ဖုန်းအနည်းငယ်မှာပဲ တွေ့ရမယ့် 3.5mm headphone jack နဲ့ microSD slot တစ်ခုလည်း သုံးလာဖို့ ရှိပါတယ်။
သေချာတာကတော့ Sony ဟာ မှန်ပြင်အောက်လက်ဗွေနည်းပညာကို သုံးလာဖို့ မရှိဘူးဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ အရင် Xperia 1 IIလိုပဲ ဖုန်းဘေးဘောင်ပါဝါခလုတ်ထဲမှာ Fingerprint reader တပ်ဆင်လာနိုင်ပါတယ်။ လေးထောင့်ဆန်ဆန် သတ္ထုဖရိမ်နဲ့လာပြီး ကျောဘက်မှာလည်း Glass panel ပါရှိမှာပါ။ ကင်မရာပိုင်းကို အသားပေးတဲ့ Sony Flagship ဖုန်းဖြစ်တဲ့အတိုင်း Xperia 1 III မှာလည်း အမိုက်စား ကင်မရာတွေ ပါလာမှာပါ။
Photo: The Verge
ကင်မရာအနေနဲ့ ZEISS အမှတ်တံဆိပ် lens တွေနဲ့လာပြီး T* Coating ပါရှိမှာပါ။ ကင်မရာတွေအကြောင်း အချက်အလက်အသေးစိတ် မသိရသေးပေမယ့် Periscope ကင်မရာတစ်လုံးလည်း ကျောဘက်မှာ သုံးသွားမယ်လို့ ဆိုပါတယ်။ အရင် Xperia ဖုန်းမှာ 2x ၊ 3x optical zoom ပါတဲ့ telephoto lenses ပဲ သုံးခဲ့ပြီး III မော်ဒယ်မှာ ဓါတ်ပုံအရည်အသွေး မထိခိုက်စေဘဲ 5x နဲ့အထက် optical zoom ဆွဲနိုင်မှာပါ။
Xperia 1 III မှာ 5G ပါဖို့ ရှိပြီး အမေရိကန်ဈေးကွက်ထဲလည်း ဖြန့်ချိသွားဖို့ ရှိပါတယ်။