မကွေးမြို့ရှိ KS Rescue Magway လူမှုကယ်ဆယ်ရေးအသင်းမှ စေတနာ့ဝန်ထမ်း (၅)ဦးတွင် ကိုဗစ်ပိုးတွေ့ရှိကြောင်း ယနေ့ ဇန်နဝါရီ ၂၉ရက်နေ့က မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရပါတယ်။
"ဟုတ်ပါတယ် KS Rescue Magway လူမှုကယ်ဆယ်ရေးအသင်းက အနံ့ပျောက် ဖျားနာနေတဲ့ volunteers တစ်ဦးကို စစ်လိုက်ရာကနေ ကိုစည်ဖြိုးသူအပါအဝင်(၅)ဦးမှာ ပိုးတွေ့ပါတယ်၊ သူတို့ကို မကွေးတိုင်းပြည်သူ့ဆေးရုံ ကိုဗစ်ကုသပေးနေတဲ့ ငါးထပ်ဆောင်ဆေးရုံမှာ ကုသပေးနေပါတယ်"ဟု မကွေးမြို့နယ်ကျန်းမာရေးဦးစီးမှူးဒေါက်တာရဲစိုးက အတည်ပြုပါတယ်။
KS Rescue Magway (လူမှုကယ်ဆယ်ရေးအသင်း)တွင် အသင်းဝင် (၁၆)ဦးရှိပြီး Covid-19 ကာလ ရှေ့တန်းမှကူညီရန်အတွက် (၅)ဦးအဖွဲ့ဖွဲ့ကာ အလှည့်ကျကူညီပေးနေကြောင်း သိရပါတယ်။
ဓာတ်ပုံ - KS Rescue
"ဒီCovidကာလမှာ စစ်ဆေးတဲ့နေရာတွေမှာရော၊ ပိုးတွေ့လူနာတွေ နေ့စဥ်ခေါ်ဆောင်ပေးတဲ့နေရာမှာရောအနီးကပ်လုပ်ဆောင်ပေးနေရတာဆိုတော့ တစ်နေ့မဟုတ်တစ်နေ့တော့ ကျွန်တော်တို့တွေလည်း ကူးစက်နိုင်မယ်ဆိုတာ ကြိုတော့ တွေးပြီးသားပါ၊ ကျွန်တော်ကလဲ contact မဖြစ်အောင်လို့ ကျွန်တော့်အဖွဲ့ကို ရှေ့တန်းနောက်တန်း ဆိုပြီး (၂)ဖွဲ့ဖွဲ့ထားတယ်၊ တစ်ဖွဲ့ကို ကျွန်တော့်ဆီမှာ ကျူသတ်သတ်ထားတယ်၊ နေ့စဥ် contact တွေ ပိုးတွေ့သူတွေကို သယ်ယူပို့ဆောင်တဲ့ အခန်းကဏ္ဍကို သီးသန့်ထားထားတယ်၊ တစ်လကိုအလှည့်ကျထားပါတယ်၊ အခုပိုးတွေ့သူတွေက လက်ရှိ နေ့စဥ် contact တွေ ပိုးတွေ့သူတွေကို သယ်ယူပို့ဆောင်ပေးနေတဲ့သူတွေ(၅)ဦးထဲက (၄)ဦးပိုးတွေ့တာပါ"လို့ ကိုစည်ဖြိုးသူက ပြောပါတယ်။
KS Rescue Magway (လူမှုကယ်ဆယ်ရေးအသင်း) ရှေ့တန်းကူညီရေးလုပ်ဆောင်နေသူ ၅ ဦးထဲမှ ၄ ဦးနဲ့ နောက်တန်း (၈)ဦးမှ ကိုစည်ဖြိုးသူတွင် ပိုးတွေ့ရှိခဲ့တာပါ။
"ကံကောင်းတာက တစ်သင်းလုံး ကိုဗစ်အရေး စကူညီ ကတည်းက မိသားစုတွေနဲ့ အတူမနေဘဲ ရှေ့တန်း Q ဝင် ၊ နောက်တန်း ရုံးမှာသာ စု နေကြသူတွေမို့ အားလုံး contact ပြတ်ပါတယ်။ နောက်တန်းက ကျွန်တော် တစ်ဦးပဲ Pဖြစ်တာပါ၊ ကျန် အသင်းဝင်အားလုံး Negative အဖြေထွက်ရှိပါတယ်၊ ညီတွေ အလုပ်လုပ်ရင် ကိုယ်တိုင် ဝင်ကြီးကြပ်လိုက်ရမှ ကျေနပ်သူမို့ ကျွန်တော့်ကို ထိစပ် / ကူးစက် ဖြစ်သွားတယ် ထင်ပါတယ်"လို့ ကိုစည်ဖြိုးသူက ပြောပါတယ်။
မကွေးတိုင်းတွင် ယခုလိုပရဟိတအသင်းမှပိုးတွေ့ခြင်းမှာပထမဆုံးဖြစ်ကြောင်းလည်း သိရပါတယ်။
"မကွေးမြို့နယ်မှာဆိုရင်တော့ဟုတ်တယ်ဗျ၊ မကွေးတိုင်းထဲမှာဆိုရင်တော့ ဟုတ်တယ်ကျွန်တော်တို့ပထမဆုံးဖြစ်မှာပဲ တခြားတော့မကြားမိဘူး"လို့ ကိုစည်ဖြိုးသူက ပြောပါတယ်။
မကွေးတွင် ရှေ့တန်း TTC မှ ဆရာများ၊ အခြားသော volunteers များ အားလုံး Negative အဖြေ ထွက်ရှိကြောင်း သိရပြီး၊ KS Rescue Magway လူမှုကယ်ဆယ်ရေးအသင်း၏ နေ့စဉ် ပရဟိတလုပ်ငန်းများကို ရပ်နားခြင်း မရှိဘဲ ကျန်ရှိ အသင်းဦးဆောင်သူများက ဆက်လက် တာဝန်ယူ ကူညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကိုစည်ဖြိုးသူက ဆိုပါတယ်။
မကွေးမြို့နယ်တွင် ယနေ့ (ဇန်နဝါရီလ ၂၉ ရက်) အထိ ပိုးတွေ့သူ(၅၇၂)ဦးရှိပြီး သေဆုံးသူတစ်ဦးရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။
မကွေးပို့စ်မှ ပေးပို့ထားသော သတင်းဖြစ်ပါသည်။
Share