နှစ်အနည်းငယ်အတွင်းမှာ Xiaomi ဟာ ကမ္ဘာ့အကြီးဆုံးစမတ်ဖုန်းကုမ္ပဏီနေရာ ရောက်လာဖို့ အလားအလာကောင်းနေပါတယ်။
Counterpoint Research သုတေသနအရ Xiaomi ဟာ ဇွန်လထဲမှာ စမတ်ဖုန်းရောင်းအားအမြင့်ဆုံးကုမ္ပဏီ ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။ ဇွန်လအတွင်း Xiaomi ရဲ့ စမတ်ဖုန်းရောင်းအားဟာ စုစုပေါင်းကမ္ဘာ့စမတ်ဖုန်းရောင်းအားရဲ့ ၁၇.၁% ရှိခဲ့ပြီး Samsung ကတော့ ဈေးကွက်ဝေစုရဲ့ ၁၅.၇% ပဲ ရခဲ့တာပါ။ ကမ္ဘာ့တတိယအကြီးဆုံး စမတ်ဖုန်းကုမ္ပဏီနေရာ ရောက်သွားတဲ့ Apple ရဲ့ ဇွန်လအတွင်း စမတ်ဖုန်းရောင်းအားဟာ ဈေးကွက်ရဲ့ ၁၄.၃% ရှိခဲ့တာ ဖြစ်ပါတယ်။

Photo: SCMP
၂၀၁၀ ပြည့်နှစ်ထဲမှာ စမတ်ဖုန်းကုမ္ပဏီတည်ထောင်ခဲ့တဲ့ Xiaomi ဟာ ၁၀ နှစ်နီးပါးအတွင်း စမတ်ဖုန်းတင်ပို့မှု သန်း ၈၀၀ အထိ ရှိခဲ့မယ်လို့ ခန့်မှန်းထားပါတယ်။ Counterpoint ဈေးကွက်သုတေသီ တာရန် ပါတောက်ခ်ရဲ့ အဆိုအရ Xiaomi ဟာ ဥရောပ ၊ တရုတ်နဲ့ အိန္ဒိယဈေးကွက်တွေမှာ ရောင်းအားကောင်းခဲ့တယ်လို့ ဆိုပါတယ်။ ကုမ္ပဏီရဲ့ Redmi 9 ၊ Note 9 Series နဲ့ Redmi K-series ဖုန်းတွေကြောင့် တရုတ်ဈေးကွက်မှာ Xiaomi ဟာ ကြီးထွားမှုအမြန်ဆုံး OEM ဖြစ်လာခဲ့တာပါ။
အမေရိကန်အစိုးရရဲ့ စီးပွားရေးပိတ်ဆို့မှုကြောင့် Huawei ဟာ ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းကုမ္ပဏီစာရင်းကနေ ထွက်ခွာခဲ့ရပြီးနောက် Xiaomi ဟာ ထိပ်တန်းဖုန်းကုမ္ပဏီ ၃ ခု စာရင်းဝင် ဖြစ်လာခဲ့ပါတယ်။ Canalys ဈေးကွက်အချက်အလက်တွေအရ ၂၀၂၁ ဒုတိယသုံးလပတ်အတွင်းမှာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ စမတ်ဖုန်းရောင်းအားအရ Xiaomi ဟာ ကမ္ဘာ့ဒုတိယအကြီးဆုံး ဖုန်းထုတ်လုပ်သူဖြစ်လာတယ်လို့ ဆိုပါတယ်။
၂၀၂၁ Q2 သုံးလပတ်မှာ ကမ္ဘာ့စမတ်ဖုန်းရောင်းအားဟာ ၁၂% တက်လာပြီး ဈေးကွက်ဝေစု ၁၇% နဲ့ ကမ္ဘာ့ဒုတိယအကြီးဆုံးဖုန်းကုမ္ပဏီ ဖြစ်လာတာပါ။ Samsung ကတော့ ဒုတိယသုံးလပတ်အတွက် ကမ္ဘာ့နံပါတ်တစ် ဖုန်းကုမ္ပဏီနေရာမှာ ဈေးကွက်ဝေစု ၁၉% နဲ့ ရပ်တည်နေပါတယ်။ တစ်ဖက်မှာလည်း Samsung ဟာ ဗီယက်နမ်နိုင်ငံအတွင်း ထုတ်လုပ်ရေးပြဿနာတွေ ကြုံနေတာကြောင့် စမတ်ဖုန်းတင်ပို့မှု ထိခိုက်နေတယ်လို့ ဆိုပါတယ်။