ဖုန်းပျောက်သွားရင် ဒါတွေ လုပ်ပါ

ဒီနည်းလေးတွေနဲ့ ပြန်ရှာကြည့်လိုက်ပါ

ကိုယ်ကိုင်နေတဲ့ဖုန်း အထားမှားလို့ပဲ ဖြစ်ဖြစ် တစ်ယောက်ယောက် ယူသွားလို့ပဲ ဖြစ်ဖြစ် ပျောက်သွားပြီဆိုတာ သိရရင် ဘယ်သူမဆို ထူပူသွားမှာအမှန်ပါပဲ။ အရမ်းတော့လည်း စိတ်မပူဖို့ ပြောချင်ပါတယ်။

           Android ဖုန်းရော iOS စနစ်သုံး iPhone တွေမှာ ပျောက်သွားတဲ့ ဖုန်းတည်နေရာကို ပြနိုင်တဲ့ Tools လေးတွေ ရှိပါတယ်။ SIM Card ဖြုတ်ထားပြီး WiFi ကနေ အင်တာနက်ချိတ်လို့ရနိုင်တာကြောင့် ပျောက်သွားတဲ့ဖုန်းကို ရှာဖို့နည်းလမ်းတွေ တစ်နည်းမက ရှိတယ်လို့ ပြောချင်ပါတယ်။

 

(၁) iPhone ပျောက်သွားရင်

image


Photo: ESR cases

 

           ပျောက်သွားတဲ့ iPhone တစ်လုံးကို အလွယ်ဆုံး နဲ့ အထိရောက်ဆုံး ရှာနိုင်တဲ့နည်းက iCloud ပေါ်က Find My iPhone ဆိုတဲ့ tools လေးကို သုံးတာပါပဲ။ Find My iPhone က ကိုယ့်ဖုန်းစက်ပိတ်ထားချိန်မှာတောင် ရှာပေးနိုင်တဲ့ Tools ဖြစ်ပြီး ကိုယ့်သူငယ်ချင်းရဲ့ iPhone ထဲကနေ ကိုယ့်ရဲ့ ပျောက်နေတဲ့ဖုန်းကို ခြေရာခံလို့ ရပါတယ်။ Apple ရဲ့ Bluetooth location feature ဟာ iPhone ဘက်ထရီအားကုန်နေချိန်နဲ့ အင်တာနက်ချိတ်ဆက်မထားတဲ့အချိန်မှာတောင် တည်နေရာကို offline ပြပေးနိုင်ပါတယ်။

           ကိုယ့် iCloud အကောင့်ကနေ Find My iPhone ကို သွားပြီး All Devices ထဲကနေ ပျောက်သွားတဲ့ဖုန်းကို ရွေးရမှာပါ။ ဖုန်းရှိနေတဲ့ နေရာကို သိရဖို့ Lost Mode ကို On ပေးထားပါ။ ဒါဆို ဖုန်းဖွင့်ထားရင် ဘယ်နေရာရောက်နေလဲဆိုပြီး ပြတဲ့ တည်နေရာမြေပုံ တွေ့ရမှာပါ။ ဖုန်းစက်ပိတ်ထားလို့ Offline ဖြစ်နေရင် မပိတ်ခင်က ဘယ်နားမှာ နောက်ဆုံး ရှိခဲ့သလဲဆိုတာကို မြေပုံက ပြပေးမှာပါ။


Photo: gotechtor

           ဖုန်းကို တစ်ယောက်ယောက် ခိုးသွားတယ်ဆိုရင် ဖွင့်လိုက်တာနဲ့ ဘယ်မှာ ရောက်နေတယ်ဆိုတာ သိရအောင် Notify me when Found ဆိုတဲ့ option လေး ရွေးထားပါ။ ဒါဆိုရင် ဖုန်းပြန်ဖွင့်ပြီဆိုတာနဲ့ ကိုယ့်ဆီကို Find My iPhone ဆိုက်ကနေ အီးမေးလ်လှမ်းပို့မှာ ဖြစ်ပါတယ်။ Find My iPhone ကတော့ iOS devices ကိုင်သူတိုင်း Setup လုပ်ထားသင့်တဲ့ Tools ဖြစ်ပြီး တကယ်လည်း အသုံးဝင်ပါတယ်။

           Find My iPhone ကို ကိုယ့်ဖုန်းမှာ Setup လုပ်မထားတဲ့သူတွေအတွက် နည်းလမ်းအနေနဲ့ Google Maps သုံးပြီး iPhone တည်နေရာကို ကြည့်တာ ဖြစ်ပါတယ်။ ဒီနည်းကတော့ Find My iPhone ကို ထည့်မထားရင်တောင် Google Maps တော့ သုံးတဲ့သူ ဖြစ်ဖို့ လိုပါတယ်။ Google Maps အတွက်လည်း Location ဖွင့်ပေးထားရမှာပါ။ Google Maps မှာ Locations Services ဖွင့်ထားရင် ကိုယ်သွားခဲ့တဲ့ တည်နေရာတိုင်းကို Google Maps Timeline ကနေ နောက်ဆုံးရောက်ခဲ့တဲ့နေရာ ဒါမှမဟုတ် iPhone ပျောက်သွားတဲ့နေ့နဲ့ ပြန်ကြည့်လို့ရပါတယ်။

 

(၂) Android ဖုန်း ပျောက်သွားရင်


Photo: thegioididong

 

           ပျောက်သွားတဲ့ Android ဖုန်းတစ်လုံးကို Google Find My Devices သုံးပြီး ရှာလို့ ရပါတယ်။ ကိုယ့်ဖုန်းနဲ့ ချိတ်ဆက်ထားတဲ့ Google အကောင့် သုံးပြီး Find My Device ဆိုတဲ့ ဝက်ဘ်ဆိုက်မှာ ဝင်ရုံပါပဲ။ တကယ်လို့ အကောင့်တစ်ခုနဲ့ ဖုန်းတစ်လုံးမက သုံးထားရင် Google Find My Device ရဲ့ screen အပေါ်ဘက်က menu မှာ ပျောက်သွားတဲ့ဖုန်းကို ရွေးရမှာ ဖြစ်ပါတယ်။ ဖုန်းနဲ့အတူ ဖုန်းတည်နေရာကို ဘေးဘက်မှာ မြေပုံနဲ့တကွ ပြနေမှာပါ။

           ဖုန်းမှာ WiFi ဖွင့်ထားရင်လည်း ဘယ် WiFi ကို သုံးနေသလဲ ၊ ဘက်ထရီအား ဘယ်လောက်ကျန်သေးလဲ ဆိုတာပါ ကြည့်နိုင်မှာ ဖြစ်ပါတယ်။ Map ပေါ်မှာ ဖုန်းက ကိုယ့်အနားတစ်ဝိုက်မှာပဲ ရှိနေတယ်ဆိုရင် Play Sound ကို နှိပ်ပါ။ ဒါဆို ဖုန်းမှာ အသံပိတ်ထားတောင် ၅ မိနစ်အထိ ကြာအောင် အသံမြည်နေပါလိမ့်မယ်။ ဖုန်းကို lock ချပြီး ဖုန်းတွေ့တဲ့သူကို ကိုယ့်ဆီ ဆက်သွယ်နိုင်မယ့် Message ဒါမှမဟုတ် ဖုန်းနံပါတ် ပို့ဖို့ Secure Device ဆိုတဲ့ option ကို ရွေးနိုင်ပါတယ်။

           ဒါက အင်တာနက်နဲ့ချိတ်မှ အလုပ်လုပ်နိုင်မယ့် နည်းလမ်းဖြစ်ပြီး ပျောက်သွားတဲ့ဖုန်း စက်ပိတ်ထားရင်တော့ အပေါ်မှာ ပြောခဲ့သလို Google Timeline ကို သုံးပြီး ဖုန်းရဲ့ နောက်ဆုံး တည်နေရာကို ပြန်ကြည့်လို့ရပါတယ်။ ဒီနည်းသုံးဖို့ ကိုယ့်ဖုန်းက Google အကောင့် နဲ့ ချိတ်ဆက်နေဖို့ လိုပါတယ်။ ဖုန်းစက်မပိတ်ခင် အင်တာနက်ဖွင့်ထားဖို့ လိုပါတယ်။ နောက်ပြီး ဖုန်း Google Maps ရဲ့ Settings ထဲကနေ Location History ကို Activate လုပ်ထားရင် ဖုန်းရောက်နေတဲ့ နေရာကို ကြည့်လို့ ရပါတယ်။

           နောက်တစ်နည်းက Google Photo အကောင့် ဖွင့်ထားရင်လည်း ဖုန်းကို ပြန်ရှာလို့ ရပါတယ်။ ကိုယ့်ဖုန်းကို ယူသွားတဲ့သူက ကင်မရာသုံးပြီး ဓါတ်ပုံရိုက်ရင် Google Photos အကောင့်ကနေ ဘယ်နေရာမှာ ဓါတ်ပုံရိုက်ခဲ့သလဲ ပြန်ကြည့်နိုင်ပါတယ်။


Photo: olhardigital

           ဒီတော့ SIM Card ဖြုတ်ထား ၊ အင်တာနက်ပိတ်ထားရင်တောင် ဖုန်းကို ခြေရာခံနိုင်တဲ့နည်းတွေ အများကြီးရှိပါတယ်။ Google Maps နဲ့ iClouds လို App တွေမှာ ကိုယ်ပိုင် Device Tracking စနစ် ပါပါတယ်။ ရဲနဲ့ မိုဘိုင်း Operators တွေအနေနဲ့လည်း ဖုန်းတည်နေရာကို (International Mobile Equipment Identity) IMEI နံပါတ်ကနေ ခြေရာခံပြီး ရှာနိုင်ပါတယ်။ နောက်ပြီး Bluetooth တို့ WiFi တို့ကလည်း Location Tracking လုပ်ရာမှာ အထောက်အကူပြုပါတယ်။

           ဘာပဲဖြစ်ဖြစ် မဖြစ်ခင်က ကြိုပြီး ကာကွယ်ထားတာ အကောင်းဆုံးပါပဲ။ ဖုန်းထဲမှာ ပျောက်သွားတဲ့ Devices ကို ခြေရာပြန်ခံလို့ရမယ့် tools လေးတွေ ထည့်တာ လုပ်ပါ။ ဖုန်းမပျောက်အောင် သတိထားပါ။ ပျောက်သွားတာ သိသိချင်း အခုပြောတဲ့နည်းတွေနဲ့ ရှာပါလို့ အကြံပြုလိုက်ရပါတယ်။

Share

Loading Next Article...
က္က