အမေရိကန်နိုင်ငံ၊ နယူးယော့ခ်မြို့မှာ ပရီးမီးယားလိဂ်က ကြီးမှူးစီစဥ်ပေးခဲ့တဲ့ ပွဲအခမ်းအနားတခုအတွင်း ယူနိုက်တက်ပရိသတ်အချို့က မန်စီးတီးရဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားနဲ့ ဓာတ်ပုံ ရိုက်ကူးမိခဲ့ကြတယ်လို့ သိရှိရပါတယ်။ “စစ်မှန်တဲ့ပွဲနေ့ရဲ့ အတွေ့အကြုံ” လို့ အမည်ပေးထားတဲ့ ဒီပွဲကို အမေရိကန်အခြေစိုက် ယူနိုက်တက်ပရိသတ်တွေ တက်ရောက်ခဲ့ကြပါတယ်။

ယူနိုက်တက်ရဲ့ တရားဝင်တွစ်တာအကောင့်ကနေပြီးတော့လည်း ဒီပွဲကို တက်ရောက်ခဲ့တဲ့ ယူနိုက်တက်ပရိသတ်တွေရဲ့ ပုံရိပ်တွေကို ပြန်လည်မျှဝေပေးထားခဲ့ပါတယ်။ ဒါပေမယ့်လည်း အမြင်မတော်စရာ ဓာတ်ပုံတပုံက ပါဝင်လာခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အလံကို ကိုင်ဆောင်ထားတဲ့ ပရိသတ်နှစ်ယောက်ဟာ မန်စီးတီးရဲ့ အဓိကအရောင်ဖြစ်တဲ့ မိုးပြာရောင်ဖဲကြိုး တပ်ဆင်ထားတဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားနဲ့အတူ ဓာတ်ပုံ ရိုက်ကူးခံခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကိုကြည့်ရတာ ပျော်ပျော်ရွှင်ရွှင်နဲ့ ရိုက်ကူးခဲ့တာဖြစ်ပြီး ဆုဖလားမှာ ချိတ်ဆွဲထားတဲ့ ဖဲကြိုးအရောင်တွေနဲ့ ပတ်သက်လို့ သတိထားမိခဲ့ဟန်မရှိပါဘူး။
ပရိသတ်တွေကတော့ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ယူနိုက်တက်ရဲ့ တရားဝင်တွစ်တာအကောင့်ကို လှောင်ပြောင်သရော်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ပရိသတ်တွေက “သူတို့ကိုကြည့်ရတာ မန်စီးတီးဆီက ဆုဖလားကို ခဏငှားချင်နေတဲ့ပုံပါပဲ” “ယူနိုက်တက်ကလူတွေ အဆင်ပြေရဲ့လား? ဘာလို့များ မန်စီးတီးအရောင်ဖဲကြိုးတပ်ထားတဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုပုံကြီးကို တရားဝင်အကောင့်မှာ တင်ထားရတာလဲ” လို့ မျိုးစုံ ဝေဖန်ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက အက်သလက်တီကို,ကို ရှုံးနိမ့်ကာ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ကနေ ထွက်ခဲ့ရပြီးနောက် (၅) နှစ်ဆက် ဖလားလက်မဲ့ရာသီတခုကို ဖြတ်သန်းရတော့မှာပါ။ တဖက်မှာတော့ မြို့ခံပြိုင်ဘက် မန်စီးတီးက ဒီရာသီ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးဖို့ ရေပန်းအစားဆုံးဖြစ်နေသလို ဆုဖလားသုံးလုံး ဆွတ်ခူးနိုင်ဖို့ မျှော်လင့်ချက်ရှိနေဆဲဖြစ်ပါတယ်။