ထိုင်းကလပ် ဘူရီယမ်ဟာ တပွဲနိုင်ရုံနဲ့ အမှတ်ပေးချန်ပီယံဖြစ်ဖို့ အခွင့်အရေးရရှိခဲ့ပေမယ့် ဒီကနေ့ပွဲမှာပဲ ဒီအခွင့်အရေးကို လက်လွှတ်ခဲ့ရပြန်ပါတယ်။ ဘူရီယမ်ဟာ အိမ်ကွင်းမှာ ချင်းရိုင်ယူနိုက်တက်ကို ဧည့်ခံကစားခဲ့ရတာဖြစ်ပြီး ဒုတိယပိုင်းတပိုင်းလုံးနီးပါးကို တယောက်အသာနဲ့ ကစားခွင့်ရရှိခဲ့ပါတယ်။

ဒီနေ့ပွဲမှာ အောင်သူက ဘူရီယမ်ရဲ့ ပွဲထွက်ကစားသမားစာရင်းမှာ ပါဝင်လာခဲ့ပြီး ဒုတိယပိုင်းမှာလည်း အောင်သူကြောင့်ပဲ ဘူရီယမ်တို့ ပင်နယ်တီရရှိခဲ့တာပါ။ ပွဲကစားချိန် (၄၈) မိနစ်မှာ အောင်သူကို ချင်းရိုင်နောက်ခံလူ တာနာဆက်ခ်က ဆွဲလှဲခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို အစပိုင်းမှာတော့ ပင်နယ်တီအဖြစ် သတ်မှတ်ပေးခဲ့ခြင်းမရှိပါဘူး။

ဒါပေမယ့် VAR ပြန်လည်ကြည့်ရှုပြီးတဲ့နောက် ကွင်းလယ်ဒိုင်က ဘူရီယမ်ကို ပင်နယ်တီပေးခဲ့သလို ချင်းရိုင်နောက်ခံလူ တာနာဆက်ခ်ကိုလည်း တိုက်ရိုက်အနီကတ်နဲ့ထုတ်ပယ်ခဲ့ပါတယ်။ ရရှိလာတဲ့ ဒီပင်နယ်တီကိုတော့ ဆူပါချိုင်က ကန်သွင်းယူပေးခဲ့ပြီး ဘူရီယမ်တို့ ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။
ဘူရီယမ်ဟာ ဒီပွဲနိုင်တာနဲ့ ချန်ပီယံဖြစ်ပြီဆိုပေမယ့် ပွဲကစားချိန် (၈၆) မိနစ်မှာတော့ ချင်းရိုင်က ဂတ်တာဆန်ရဲ့ချေပဂိုးကို ပြန်လည်ခွင့်ပြုခဲ့ရတာကြောင့် အိမ်ကွင်းမှာ တဂိုးစီသရေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ဒီပွဲသရေရလဒ်ကြောင့် ဘူရီယမ်တို့ နောက်ဆုံး (၃) ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့ရပြီး အမှတ်ပေးဖလားနဲ့ အောင်ပွဲခံနိုင်ဖို့ စောင့်ဆိုင်းနေရဆဲဖြစ်ပါတယ်။
ဘူရီယမ်ဟာ လိဂ်ပွဲ (၅) ပွဲ ကျန်ရှိတုန်းက တပွဲနိုင်ရုံနဲ့ အမှတ်ပေးဖလားရရှိမှာဖြစ်ပေမယ့် ပါသွန်းယူနိုက်တက်ကို ရှုံးနိမ့်ခဲ့သလို ခွန်ကန်နဲ့ အခု ချင်းရိုင်တို့ကိုပါ ဆက်တိုက် သရေကျခဲ့တာြဖစ်ပါတယ်။ ဒါပေမယ့်လည်း ဘူရီယမ်တို့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်စွမ်းရှိနေသေးပြီး လက်ကျန် (၂) ပွဲမှာ တပွဲနိုင်ရုံနဲ့ ချန်ပီယံဆုကို ဆွတ်ခူးနိုင်မှာဖြစ်ပါတယ်။