ပထမအကျော့က ဂိုးပြတ်နိုင်ထားပြီး မန်စီးတီးနဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ရှိသေးတာကြောင့် လီဗာပူးတို့ အဓိက,ကစားသမားအများစုကို အနားပေးခဲ့ပါတယ်။ ဗန်ဒိုက်ချ်၊ အာနိုးလ်၊ ရော်ဘတ်ဆန်၊ ဆာလာ၊ မာနေးတို့မပါဝင်ခဲ့ဘဲ နောက်တန်းမှာ မာတစ်ပ်၊ ကိုနာတေး၊ ဂျိုးဂိုးမက်ဇ်၊ ဆီမီကတ်စ်၊ တိုက်စစ်မှာ လူးဝစ်ဒီယက်ဇ်၊ ဂျိုတာ၊ ဖေမီနိုနဲ့ ကွင်းလယ်မှာတော့ ဟန်ဒါဆန်၊ ကီတာ၊ မီလ်နာတို့ ပွဲထွက်ခဲ့ပါတယ်။

ဘင်ဖီကာကတော့ မျှော်လင့်ချက်တမျှင်နဲ့ ဒီပွဲကို ရင်ဆိုင်ခဲ့ရပြီး ဒါဝင်နူနက်ဇ်၊ အယ်ဗာတန်၊ ဝိုင်ဂယ်လ်၊ အော်တာမန်ဒီ၊ ဗာတွန်ဂန်တို့လို အမာခံ ကစားသမားတွေနဲ့ ပွဲထွက်ခဲ့ပါတယ်။ လီဗာပူးကသာ ပွဲကို ပိုမိုထိန်းချုပ်နိုင်ခဲ့တယ်ဆိုပေမယ့် နောက်တန်းမှာလည်း ဟာကွက်တွေပေါ်ခဲ့ပါတယ်။

ပွဲကစားချိန် မိနစ် (၂၀) မှာ လီဗာပူးတို့ ပထမအကျော့က ပထမဂိုးအတိုင်း ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။ ဆီမီကတ်စ်ရဲ့ ထောင့်ကန်ဘောကတဆင့် ကိုနာတေးကပဲ ခေါင်းတိုက်သွင်းယူခဲ့တာပါ။ ဒါပေမယ့် (၁၀) မိနစ်အကြာမှာပဲ မထင်မှတ်တဲ့ အနေအထားကတဆင့် လီဗာပူးတို့ ချေပဂိုးပြန်ပေးလိုက်ရပါတယ်။
ဒီဂိုးကိုတော့ လူကျွံထောင်ချောက်ကနေ လွတ်ထွက်သွားတဲ့ ဂွန်ကာလိုရာမို့စ်က ပိုင်ပိုင်နိုင်နိုင် ကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။ ဒီရလဒ်နဲ့ပဲ ပထမပိုင်းပြီးခဲ့ပြီး လီဗာပူးအတွက်ကတော့ ဖိအားကြီးကြီးမားမား မရှိခဲ့ပါဘူး။ ဒုတိယပိုင်းစပြီး သိပ်မကြာခင်မှာတော့ လီဗာပူးတို့ ဦးဆောင်ဂိုးထပ်ရခဲ့ပါတယ်။
ဂျိုတာရဲ့ဖန်တီးပေးမှုကတဆင့် ဖေမီနိုက လွတ်လွတ်ကျွတ်ကျွတ် ပိတ်သွင်းယူခဲ့တာဖြစ်ပြီး အဲ့ဒီနောက်မှာတော့ ကလော့ပ်က အသင်းကို အပြောင်းအလဲလုပ်ခဲ့ပါတယ်။ ဆာလာ၊ သီယာဂို၊ ဖာဘင်ဟိုတို့ ဝင်လာခဲ့ပြီး ပွဲကို ပိုမိုထိန်းချုပ်နိုင်ဖို့ အဓိက ဦးတည်ခဲ့ပါတယ်။ ဦးဆောင်ဂိုးထပ်ရခဲ့တာကလည်း လီဗာပူးပဲဖြစ်ခဲ့ပါတယ်။
ဆီမီကတ်စ်ရဲ့ပြစ်ဒဏ်ဘောကတဆင့် marking လွတ်နေတဲ့ ဖေမီနိုကပဲ လွတ်လွတ်ကျွတ်ကျွတ် ပိတ်သွင်းယူသွားခဲ့တာပါ။ ဒါပေမယ့် လီဗာပူးတို့ ချေပဂိုး ပြန်ပေးခဲ့ရပြီး ဘင်ဖီကာက ရာယမ်ချူ့ခ်က အယ်လစ်ဆန်ကိုပါ လိမ်ခေါက်ပြီး သွင်းယူပေးသွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာ လီဗာပူးနောက်တန်း ဟာကွက်တွေကတဆင့် ဒါဝင်နူနက်ဇ်က ဘင်ဖီကာအတွက် တတိယချေပဂိုးကို သွင်းယူပေးသွားခဲ့ပါတယ်။
လီဗာပူးကတော့ ဒီပွဲမှာ သုံးဂိုးစီ သရေကျခဲ့ပေမယ့် ပထမအကျော့ အဝေးကွင်းမှာ ၁-၃ ဂိုးနဲ့ အနိုင်ရထားတာကြောင့် နှစ်ကျော့ပေါင်းရလဒ် ၆-၄ ဂိုးနဲ့ ဆီမီးဖိုင်နယ် တက်ရောက်ခဲ့ပါတယ်။ လီဗာပူးဟာ ဆီမီးဖိုင်နယ်မှာတော့ ဂျူဗင်တပ်စ်၊ ဘိုင်ယန်မြူးနစ်တို့ကိုဖြုတ်ချလာတဲ့ ဗီလာရီးရဲလ်နဲ့ ရင်ဆိုင်ရမှာလည်းဖြစ်ပါတယ်။