နှစ်သင်းလုံးက အကောင်းဆုံးလို့ ပြောရမယ့် လူစာရင်းကိုပဲ ပွဲထုတ်လာခဲ့ပြီး အီတလီမြေမှာ အင်ပြည့်အားပြည့်ရင်ဆိုင်ခဲ့ပါတယ်။ အင်တာမီလန်က ဂိုးသမား ဟန်ဒါနိုဗစ်၊ နောက်တန်းမှာ ရှာခရီညာ၊ ဒီဗာ့ချ်၊ ဘာစတိုနီနဲ့ ကွင်းလယ်ငါးယောက်တန်းမှာ ဒမ်းဖရိုင်းစ်၊ ဗီဒယ်လ်၊ ဘရိုဇိုဗစ်၊ ချာဟာနိုဂလူး၊ ပါရီဆစ်၊ တိုက်စစ်မှာ ဂျက်ကိုနဲ့ လော်တာရိုမာတီနက်ဇ်တို့ ပွဲထွက်ခဲ့ပါတယ်။

လီဗာပူးက အပြောင်းအလဲအနည်းငယ် ပြုလုပ်ခဲ့ပြီး နောက်တန်းမှာ ကိုနာတေးနဲ့ဗန်ဒိုက်ချ်၊ ကွင်းလယ်မှာ ဟန်ဒါဆန်ကို မသုံးဘဲ အီလီယော့၊ ဖာဘင်ဟို၊ သီယာဂိုနဲ့ တိုက်စစ်မှာတော့ မာနေး၊ ဆာလာ၊ ဂျိုတာတို့ ပွဲထွက်ခဲ့ပါတယ်။ ပွဲကအပြန်အလှန်ရှိခဲ့ပြီး အစောပိုင်းမှာ လော်တာရိုမာတီနက်ဇ်ရဲ့ ကန်ချက် ဂိုးဘေးကပ်ထွက်ခဲ့တာ၊ ချာဟာနိုဂလူးရဲ့ ကန်ချက် ဘားတန်းထိထွက်ခဲ့တာတို့ကြောင့် အိမ်ရှင်အင်တာ နစ်နာခဲ့ရပါတယ်။
လီဗာပူးကလည်း မာနေးရဲ့ အနီးကပ်ခေါင်းတိုက်ချက် ဂိုးဘားပေါ်ကပ်ပြီး ကျော်ထွက်သွားခဲ့သလို နောက်ပြန်ကန်ချက်ကလည်း ဂိုးဘေးကပ်ထွက်ခဲ့ပါတယ်။ နှစ်သင်းလုံး အပိုင်အခွင့်အရေးတွေရရှိဖို့ ကြိုးစားရင်းနဲ့ပဲ ပထမပိုင်းမှာ ဂိုးမရှိ သရေနဲ့ ပြီးဆုံးခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ အင်တာမီလန်က သိသိသာသာ ဖိအားပေးကစားခဲ့ပြီး လီဗာပူးကလည်း ဂျိုတာနေရာမှာ ဖေမီနိုနဲ့ အပြောင်းအလဲလုပ်ခဲ့ပါတယ်။ အင်တာမီလန်တို့ ဂိုးရဖို့ နီးစပ်နိုင်ခဲ့ပေမယ့် တေ့လွဲလွဲရင်းနဲ့ပဲ ဦးဆောင်ဂိုးနဲ့ ဝေးခဲ့ရပါတယ်။ အထူးသဖြင့် ပါရီဆစ်ရဲ့ ဘယ်ခြမ်းတိုက်စစ်ကို အာနိုးလ် ခက်ခက်ခဲခဲ ထိန်းချုပ်ခဲ့ရပြီး အာနိုးလ်တိုက်စစ်ကို မပါလာတဲ့နောက် man marking အသေမိနေတဲ့ ဆာလာလည်း ရုန်းကန်ခဲ့ရပါတယ်။
အခြေအနေမဟန်တာကိုမြင်တဲ့ ကလော့ပ်က ဟန်ဒါဆန်၊ ဒီယက်ဇ်၊ ကီတာတို့ကို ထည့်ပြီး ကစားကွက်ပြန်လည်စီးမိုးဖို့ ကြိုးစားခဲ့ပါတယ်။ အင်တာမီလန်ကလည်း လော်တာရိုမာတီနက်ဇ်ကို ထုတ်ပြီး အလက်ဆစ်ဆန်းချက်ဇ်ကိုထည့်ခဲ့ပါတယ်။ ဒီလိုပွဲမျိုးမှာ အရေးကြီးတာက အခွင့်အရေးကို အသုံးချနိုင်မှုအပိုင်းပါ။
ဒုတိယပိုင်း ပွဲကစားချိန် အစောပိုင်းမိနစ်တွေမှာ အင်တာမီလန် နိုင်သွားမလားလို့ တွေးရလောက်အောင်ရှိခဲ့ပေမယ့် လီဗာပူးက အပြောင်းအလဲလုပ်ပြီးတဲ့နောက် ဖေမီနိုက ထောင့်ကန်ဘောကတဆင့် ပွဲကစားချိန် (၇၅) မိနစ်မှာ ခေါင်းတိုက်သွင်းယူသွားခဲ့ပါတယ်။ အဲ့ဒီနောက် လီဗာပူးအတွက် အနိုင်သေချာစေမယ့် ဂိုးကို ဆာလာက ဧရိယာထဲရှုပ်ယှက်ခတ်နေတဲ့ အနေအထားကနေ ကန်သွင်းယူသွားခဲ့ပါတယ်။
လီဗာပူးကတော့ ဒီနိုင်ပွဲကြောင့် ကွာတားဖိုင်နယ်ကို ခြေတဖက်လှမ်းနိုင်ခဲ့ပြီး အင်တာမီလန်ကတော့ အဝေးကွင်း အန်ဖီးလ်မှာ ပြန်လာနိုင်ဖို့ မျှော်လင့်ချက်က ခပ်ရေးရေးသာရှိပါတော့တယ်။