လီဗာပူးကတော့ မန်စီးတီးကို ထပ်ကြပ်မကွာ ဖိအားပေးဖို့အတွက် အာဆင်နယ်ကွင်းမှာ မဖြစ်မနေ အနိုင်ရလဒ် လိုအပ်ခဲ့ပါတယ်။ ဒီပွဲအတွက် အာတီတာက သူ့ရဲ့ပုံမှန် ပွဲထုတ်နေကျလူစာရင်းဖြစ်တဲ့ ရမ်စ်ဒေးလ်၊ ဆီဒရစ်၊ ဘန်ဝှိုက်၊ ဂါဘရီရယ်၊ တီယာနေး၊ ပါတေး၊ ချာကာ၊ ဆာကာ၊ အိုဒီဂတ်၊ မာတီနယ်လီနဲ့ လာကာဇက်တို့ကို ပွဲထုတ်ခဲ့ပါတယ်။

လီဗာပူးက ဒီပွဲမတိုင်ခင် ဒဏ်ရာပြဿနာရှိခဲ့တဲ့ ဆာလာကို အရံခုံမှာသာထားခဲ့ပြီး ဂျိုတာ၊ မာနေး၊ ဒီယက်ဇ်တို့နဲ့ ပွဲထွက်ခဲ့ပါတယ်။ ကွင်းလယ်မှာ သီယာဂို၊ ဖာဘင်ဟို၊ ဟန်ဒါဆန်၊ နောက်တန်းမှာ အာနိုးလ်၊ မာတစ်ပ်၊ ဗန်ဒိုက်ချ်၊ ရော်ဘတ်ဆန်နဲ့ ဂိုးသမား အယ်လစ်ဆန်တို့ ပွဲထွက်ခဲ့ပါတယ်။

နောက်ပိုင်းပွဲတွေမှာ ဆက်တိုက်ရလဒ်ကောင်းနေတဲ့ အာဆင်နယ်က လီဗာပူးကို အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့ပါတယ်။ လီဗာပူးက ပွဲကိုထိန်းချုပ်နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် အာဆင်နယ်ရဲ့ စုဖွဲ့မှုက ကောင်းမွန်ခဲ့ပြီး ပထမပိုင်းမှာတော့ ဂိုးမရှိ သရေရလဒ်သာ ထွက်ပေါ်နေခဲ့ပါတယ်။
ဒါပေမယ့် ဒုတိယပိုင်းစပြီး မကြာခင်မှာပဲ လီဗာပူးတို့ ဦးဆောင်ဂိုးရရှိခဲ့ပြီး ဒီဂိုးကိုတော့ တိုက်စစ်မှူး ဂျိုတာက သွင်းယူပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ လီဗာပူးက တိုက်စစ်ပိုင်းကို အပြောင်းအလဲလုပ်ခဲ့ပြီး ဂျိုတာ၊ ဒီယက်ဇ်တို့နေရာမှာ ဖေမီနို၊ ဆာလာတို့ လူစားဝင်ကစားခဲ့ပါတယ်။
ဖေမီနိုက လူစားဝင်လာပြီး (၅) မိနစ်အကြာမှာပဲ ရော်ဘတ်ဆန်ရဲ့ ဖန်တီးပေးမှုကတဆင့် အသင်းအတွက် ဒုတိယဂိုးကို သွင်းယူပေးနိုင်ခဲ့တာကြောင့် လီဗာပူးတို့ လက်ကျန်ပွဲကစားချိန်မှာ ဖိအားလျော့သွားခဲ့ရပါတယ်။ နောက်ပိုင်းမှာ အာဆင်နယ်က ပီပီ၊ စမစ်ရိုး၊ အန်ကီတီယာတို့ကို ထည့်သွင်းခဲ့ပေမယ့် ချေပဂိုးပြန်မရခဲ့ဘဲ လီဗာပူးတို့ အဝေးကွင်းမှာ နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။
လီဗာပူးကတော့ ဒီနိုင်ပွဲကြောင့် အမှတ်ပေးဇယားထိပ်ဆုံးက မန်စီးတီးကို တမှတ်အကွာနဲ့ ဖိအားပေးလိုက်ပြီး အာဆင်နယ်ကတော့ နောက်ဆုံး ငါးပွဲဆက်နိုင်တဲ့ စံချိန် ရပ်တန့်သွားခဲ့ရတာလည်း ဖြစ်ပါတယ်။