ပရိသတ်တွေဆီက ဝလာတယ်ဆိုပြီးတော့ ခဏခဏအပြောခံရတယ်။

မျိုးသန္တာထွန်းကို ပရိသတ်တွေက အရင်တုန်းကနဲ့ မတူအောင် ခန္ဓာကိုယ်ဝလာတယ်ဆိုပြီးတော့ အမြဲပြောကြတယ်လို့ သူမက ပြောပါတယ်။ အပြောခံရလို့လည်း စိတ်မဆိုးတဲ့အပြင် စိတ်ချမ်းသာအောင် တွေးပေးလိုက်တယ်လို့ဆိုပါတယ်။

Photo: Myo Thandar Tun



သရုပ်ဆောင်မျိုးသန္တာထွန်းကတော့ ဝိတ်ချဖို့ အစီအစဉ်ရှိပေမယ့် အခုထိ ဝိတ်ချဖို့ အချိန်မပေးနိုင်သေးဘူးလို့ ဆိုပါတယ်။ ဝိတ်ချဖို့ကြိုးစားတိုင်း အချိန်မပေးနိုင်တာများတယ်ဆိုပြီးတော့ DuwunMedia ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

“ ဒီလို ဖက်တီးကြီးဖြစ်တဲ့အချိန်ထိ အားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဝိတ်ကချတာပဲ လျှော့လို့ကလည်း မရသေးဘူး။ Gym ဆော့တာက မဆော့နိုင်သေးတာပေါ့။ အချိန်ကလည်း မပေးနိုင်သေးဘူး။ ဒါပေမယ့် ကိုယ်က အပျင်းထူနေတာလို့ပဲ ပြောရမှာ။ အဓိက ကတော့ ကိုယ်ဖြစ်ချင်တယ်ဆိုရင် စိတ်ကလည်း ပြင်းထန်တယ်ဆိုရင်တော့ ဖြစ်လာမှာပါ။ လောလောဆယ်တော့ ကိုယ်ကိုယ်တိုင်က အပျင်းထူနေတယ်လို့ပဲ ပြောရမှာပေါ့။ ဒါပေမယ့် အစားကိုတော့ အရင်ကထက် လျှော့ဖြစ်တယ်ပေါ့နော်” လို့ သူကဆိုပါတယ်။

Photo: Myo Thandar Tun

အနုပညာရှင်တစ်ယောက်ဖြစ်တာကြောင့် အရမ်းကြီးမဝဖို့ လိုအပ်တယ်လို့ မျိုးသန္တာထွန်းက ပြောပါတယ်။ နည်းနည်းလေးတော့ ဝိတ်ချဖို့ လိုတယ်လို့ သူကဆိုပါတယ်။

“သရုပ်ဆောင်ဆိုတာ ပိတ်ကားထပ်မှာ လှကို လှနေဖို့က အရမ်းအရေးကြီးတယ်။ လိုလည်း လိုအပ်တယ်။ သူများအမြင်မှာလည်း တင့်တင့်တယ်တယ်ဖြစ်ဖို့က အရေးကြီးတော့ အစ်မလည်း နည်းနည်းတော့ လျှော့ပါတယ်။ ကိုယ့်စိတ်ကို အလိုလိုက်တာများတော့ စားဖြစ်နေတယ်။ မိတ်ဆွေတွေနဲ့သွားတယ်၊ စားတယ်ဆိုတော့ ကိုယ်ထင်သလောက်မကျဘူးပေါ့။ ကိုယ့်စိတ်က ကြိုးစားချင်ရင်တော့ နည်းနည်းလေးတော့ ပိန်နိုင်မယ် ထင်တယ်” လို့ ဆိုပါတယ်။

Photo: Myo Thandar Tun

မျိုးသန္တာထွန်းဟာ ခန္ဓာကိုယ်ဝနေတဲ့အတွက်ကြောင့် ဝေဖန်မှုတွေလည်း အများကြီးရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကောင်းတဲ့ စိတ်နဲ့မြင်ရင်တော့ စိတ်ချမ်းသာဖို့ကောင်းတယ်လို့ ပြောပါတယ်။

“ အမှန်တကယ် ဝလို့ ဝနေတယ် ပြောတာပဲနော်။ ဘာစိတ်ဆိုးစရာလိုလို့လဲ။ အဓိက က ကိုယ့်ကို ချစ်ရင် ပြီးတာပဲလေ။ ကိုယ့်ကိုဆို အရင်တုန်းက သေးသေးလေး အခုကျတော့ ဖက်တီးကြီးဖြစ်နေပါလားပေါ့။ ဟုတ်တယ် အစ်မရေ မျိုးက ဒီလိုပဲ စိတ်ချမ်းသာတော့ ဒီလိုကြီး ဝနေတယ်။ ဘယ်လိုပဲပြောပြော သူတို့ချစ်နေရင် ပြီးရော။ အစ်မက စိတ်ထဲမှာ ဘာမှ သိပ်မခံစားရဘူး” လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

Photo: Myo Thandar Tun

မျိုးသန္တာထွန်းရဲ့ အနုပညာသက်တမ်းကတော့ ဆယ်စုနှစ်များစွာ ကြာနေပြီဖြစ်ပါတယ်။ သူမဟာ အနုပညာလောကမှာ အကယ်ဒမီဆုတွေလည်း ရရှိဖူးသူ တစ်ယောက်ဖြစ်ပါတယ်။ လက်ရှိမှာတော့ အနုပညာအလုပ်တွေထက် စီးပွားရေးဘက်ကို ပိုပြီးတော့ ဦးစားပေးနေတယ်လို့ သိရပါတယ်။ အေးချမ်းသာယာဖို့ကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူဆိုရင်လည်း မမှားပါဘူး။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က