ထိုင်းလိဂ်ဝမ်းကလပ် ဘူရီယမ်ယူနိုက်တက်မှာ ကစားနေတဲ့ အောင်သူဟာ အသင်းနဲ့အတူ ထိုင်းလိဂ်ဝမ်း အမှတ်ပေးချန်ပီယံဖြစ်သွားခဲ့ပါတယ်။ ဘူရီယမ်ဟာ ဒီကနေ့ညနေပိုင်းမှာ ကစားခဲ့တဲ့ ပစ်ချာရာနဲ့ပွဲမှာ ဘူရီယမ်က အဝေးကွင်းမှာ ဂိုးသွင်းခြေစွမ်းပြပြီး သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာပါ။

နောက်ပိုင်းမှာ ဘူရီယမ်အတွက် ပွဲထွက်ခွင့်ရရှိနေတဲ့ အောင်သူတယောက် ဒီကနေ့ပွဲမှာလည်း ပွဲထွက်ကစားသမားစာရင်းမှာလည်း ပါဝင်လာခဲ့ပါတယ်။ ဒါ့အပြင် ဘူရီယမ်အသင်းရရှိခဲ့တဲ့ ပထမဂိုးမှာလည်း (၂၈) မိနစ်မှာ အောင်သူက ပြိုင်ဘက်ဆီက ဘောလုံးကို ဖိအားပေးလိုက်လုပြီး ဆူဖာနက်ဆီ ချအပေး၊ ဆာရာချက်က လွတ်လွတ်ကျွတ်ကျွတ် ပိတ်သွင်းခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း ဘူရီယမ်က အနိုင်ဂိုးတွေထပ်မံရရှိခဲ့ပါတယ်။ ပွဲကစားချိန် (၆၈) မိနစ်မှာ အောင်သူ ဖြတ်ပို့ပေးလိုက်တဲ့ ဘောလုံးကို လွတ်လွတ်ကျွတ်ကျွတ်ရှိနေတဲ့ သီယာသွန်က မြေမကျဘောကန်သွင်းပြီး ဘူရီယမ်တို့ ဒုတိယမြောက်အနိုင်ဂိုးရရှိခဲ့ပါတယ်။
ပွဲသိမ်းဂိုးကိုတော့ ပွဲကစားချိန် (၈၁) မိနစ်မှာ မာဆီကာက လှပတဲ့ တွဲလုံးကတဆင့် ဂိုးသမားနဲ့တယောက်ချင်းအတွေ့မှာ အကောင်းဆုံး အဆုံးသတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ဘူရီယမ်ဟာ ဒီနိုင်ပွဲကြောင့် လက်ကျန်တပွဲကစားဖို့ ကျန်ရှိနေချိန်မှာ ဒုတိယနေရာက အသင်းကို အနည်းဆုံး (၇) မှတ်ဖြတ်လိုက်ပြီဖြစ်တာကြောင့် ချန်ပီယံဖြစ်သွားခဲ့ပါတယ်။
ဒီပွဲမတိုင်ခင် နောက်ဆုံးကစားခဲ့တဲ့ ချင်းရိုင်နဲ့ပွဲမှာတည်းက ဘူရီယမ်က အောင်သူကြောင့်ရရှိခဲ့တဲ့ ပင်နယ်တီနဲ့ ဦးဆောင်နိုင်ခဲ့ပြီး အောင်သူကြောင့်ပဲ တယောက်အသာနဲ့ ကစားခွင့်ရရှိခဲ့ပါသေးတယ်။ ဒါပေမယ့် အဲ့ဒီပွဲမှာလည်း ချေပဂိုးပေးလိုက်ရတာကြောင့် ဘူရီယမ်တို့ ချန်ပီယံဖြစ်ခွင့်နဲ့ လွဲချော်ခဲ့ရပြီး အခုပစ်ချာရာနဲ့ပွဲမှသာ ချန်ပီယံဖြစ်ခဲ့တာပါ။
အောင်သူကတော့ ထိုင်းလိဂ်ဝမ်းချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ ပထမဆုံးသော မြန်မာ ကစားသမားဖြစ်လာခဲ့ပါတယ်။ ဘူရီယမ်မှာ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရပေမယ့် နောက်ပိုင်းပွဲတွေမှာတော့ အောင်သူက အသင်းရဲ့သွင်းဂိုးတွေအတွက် အကောင်းဆုံး ပါဝင်ပတ်သက်နိုင်ခဲ့ပြီး ချန်ပီယံဖြစ်ရေး အဆုံးအဖြတ်ပွဲမှာလည်း ဂိုးဖန်တီးမှုတွေ ပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဘူရီယမ်အတွက်တော့ (၂၀၁၈) နောက်ပိုင်း အမှတ်ပေးချန်ပီယံဆုကို ပထမဆုံး ပြန်လည်ဆွတ်ခူးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။