မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဥ်တွေအပြီးမှာတော့ လက်စတာ၊ ဆောက်သမ်တန်တို့ တန်းဆင်းဖို့ တော်တော်လေး နီးစပ်သွားခဲ့ပြီလို့ဆိုရမှာပါ။ တနင်္လာနေ့ညက ကစားခဲ့တဲ့ ဒီပွဲတွေမှာ နှစ်သင်းလုံး ရှုံးပွဲကြုံတွေ့ခဲ့ရတာဖြစ်ပြီး သူတို့နှစ်သင်းလုံးရဲ့ ပွဲတွေကလည်း နှစ်သင်းပေါင်း သွင်းဂိုး (၇) ဂိုး (၈) ဂိုးအထိ ရှိခဲ့တာပါ။

လက်စတာက အဝေးကွင်းမှာ ဖူလ်ဟမ်ကို ၅-၃ ဂိုးနဲ့ အရေးနိမ့်ခဲ့တာဖြစ်ပြီး ဆောက်သမ်တန်ကလည်း အဝေးကွင်းမှာ တန်းဆင်းဇုန်ပြိုင်ဘက် နော်တင်ဟမ်ဖောရက်စ်ကို ၄-၃ ဂိုးနဲ့ ရှံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဖူလ်ဟမ်ကတော့ အမှတ်မလိုဘူးလို့ ပြောနိုင်ပေမယ့် လက်စတာကို ထိန်းကစားခဲ့တာမျိုး မရှိဘဲ အိမ်ကွင်းမှာ ဂိုးမိုးရွာခဲ့တာပါ။

လက်စတာဟာ အခုပွဲရလဒ်ကြောင့် နော်တင်ဟမ်ဖောရက်စ်ရဲ့ နိုင်ပွဲနဲ့အတူ အဆင့် (၁၈) နေရာကို ရောက်သွားခဲ့ပါတယ်။ သူတို့ရဲ့ လက်ကျန်ပွဲ (၃) ပွဲကလည်း လီဗာပူး၊ နယူးကာဆယ်၊ ဝက်စ်ဟမ်းတို့ဖြစ်နေတာကြောင့် မာ့ခ်ဟုချ်၊ ကန်တေ၊ မာရက်ဇ်၊ ဗာဒီတို့နဲ့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့ဖူးတဲ့ တစ်ချိန်က လက်စတာကို ပရိသတ်တွေ လွမ်းနေရတော့မယ်လို့ ဆိုနေကြပါတယ်။
ဆောက်သမ်တန်ကတော့ လက်ကျန်ပွဲအားလုံးကို အနိုင်ရရင်တောင်မှ တစ်ဖက်အသင်းတွေရဲ့ ခြေချော်မှုကို စောင့်ကြည့်ရဦးမှာဖြစ်ပြီး သူတို့ရဲ့ နောက်ဆုံးပွဲကလည်း လီဗာပူးဖြစ်နေတာကြောင့် ခက်ခဲတော့မှာပါ။ မဖြစ်မနေ အမှတ်လိုအပ်နေတဲ့ အဲဗာတန်ကလည်း ခြေစွာနေတဲ့ ဘရိုက်တန်ကို အဝေးကွင်းမှာ ၁-၅ ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် တန်းဆင်းဇုန်ရဲ့အထက် အဆင့် (၁၇) မှာ ရပ်တည်နိုင်ခဲ့ပါတယ်။
မနေ့ညက ပွဲတွေအပြီး အဆင့် (၁၈) မှာ လက်စတာ၊ အဆင့် (၁၉) မှာ လိဒ်စ်၊ အဆင့် (၂၀) မှာ ဆောက်သမ်တန်တို့ ရပ်တည်နေကြပါတယ်။ ဆောက်သမ်တန်ကလည်း မာနေး၊ ဖွန်တေ၊ လုခ်ရှော၊ ပယ်လေ၊ ဗန်ဒိုက်ချ်တို့ကို မွေးထုတ်ပေးခဲ့တဲ့ အသင်းတစ်သင်းဖြစ်ပေမယ့် ဒီရာသီမှာ အခြေအနေဆိုးတွေနဲ့ ရင်ဆိုင်နေရပြီး တန်းဆင်းရဖို့ နီးစပ်နေခဲ့တာလည်း ဖြစ်ပါတယ်။ လက်ကျန်ပွဲအနေအထားအရ နယူးကာဆယ်၊ ဝက်စ်ဟမ်း၊ စပါးတို့နဲ့ ရင်ဆိုင်ရမယ့် လိဒ်စ်ကလည်း တန်းဆင်းရဖို့ တော်တော်လေး နီးစပ်နေပါတယ်။