ဒီတစ်ပတ်မှာတော့ မြန်မာထမင်းဟင်းပရိသတ်တွေအတွက် ထူးထူးခြားခြား မြေအိုး မြေခွက် လေးတွေ နဲ့သန့်ရှင်းပြီး စျေးနှုန်သင့်တင့်တဲ့ မြေအိုးထမင်းဆိုင်လေးတစ်ဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကျောက်မြောင်းထဲက “အိမ်သူ” မြေအိုးထမင်းဆိုင်လေးဟာဆိုရင် ဆိုင်ဖွင့်ချိန် သက်တမ်းတစ်လတောင်မရှိသေးဘဲ လက်ရာနဲ့ စျေးနှုန်းသင့်တင့်မှုတွေကြောင့်ပဲ စားသုံးသူမပြတ် စည်ကားလှတာကြောင့် ဒီဆိုင်လေးကို သွားရောက်မြည်းစမ်းရင်း မေးမြန်းဖြစ်ခဲ့တာ ဖြစ်ပါတယ်။
လှပသေသပ်ပြီး စျေးနှုန်းသက်သာတဲ့ဆိုင်လေး

သာမန်ထမင်းဆိုင် တွေနဲ့ အိမ်သူ မြေအိုးထမင်းဆိုင် ကွာခြားချက်ကတော့ မြေပန်းကန် ခွက် ယောက်များနဲ့ သစ်သားဇွန်းလေးတွေ နဲ့ စားသုံးရတဲ့ ခံစားချက် အသစ်ကို ဖြစ်စေပါတယ်။ ထူးခြားပြီး အပြင်အဆင်လှတဲ့အပြင် ဟင်းတွေကလည်း အရသာ ကောင်းမွန်တဲ့အတွက် စားသုံးသူကိုလည်း ကျေနပ်စေပါတယ်။ထမင်းအပေါ် မှာဖြူးထားတဲ့ နှမ်းနက်အစစ်များကလည်း တမျိုး ထူးခြားနေပြီး ကျန်းမာရေးအရ ကြည့်မယ်ဆိုလည်း အထူးသင့်လျော်တယ်လို့ ဆိုရမှာပါ။
“ထမင်းအပေါ်မှာ ဖြူးတဲ့ နှမ်းအနက်ကလည်း တကယ့်အအကောင်းစားပဲ သုံးပေးထားတာပါ။ စားသုံးသူ တွေအတွက် စေတနာအရမ်းထားပါတယ်။ အမြတ်ကို အဓိက မထားဘဲ စားသုံးသူတွေအတွက် ကျန်းမာရေးကို အဓိက ထားပါတယ်။ အဲဒါ ကျွန်တော်တို့ မြေအိုးထမင်းဆိုင် ရဲ့ စေတနာပါ" လို့ မြေအိုးထမင်းဆိုင် ပိုင်ရှင် ကို အောင်ကျော်ကျော်.က ပြောပါတယ်။
တစ်ယောက်စာ စားပွဲတစ်ပွဲကို အရံဟင်း ၄ ပွဲအပြင် အချိုပွဲလည်း ပါဝင်
မြေအိုး ထမင်းဆိုင်မှာ စားပွဲတစ်ပွဲ လူတစ်ယောက်စာကို ဆိတ်သားဟင်းနဲ့ ၃ ထောင်ဖြစ်ပြီး ဝက်သားဟင်းနဲ့ ကြက်သားဟင်းကို ၂၅၀၀ ကျပ်သာကျသင့်မှာဖြစ်ပါတယ်။ ပုစွန်ထုပ်ဟင်းနဲ့ဆိုရင်လည်း တစ်ပွဲ ၃၀၀၀ ကျပ် ဖြစ်ပြီး စားပွဲ တစ်ပွဲမှာ အရံဟင်း ၄မျိုးနဲ့ ငပိရည်တို့စရာတို့ ပါဝင်ပါတယ်။ ထမင်းစားသုံးပြီးတာနဲ့ လည်း အချို ပွဲတွေလည်း အလကား ပေးသွားမှာဖြစ်ပြီး ထန်းညက်ခဲကတော့ စားပွဲ တိုင်းမှာ ထားရှိထားတာကို တွေ့ရပါတယ်။ အချိုပွဲကို နေ့စဥ်ထပ်မနေအောင် အုန်းနို့ကျောက်ကျောနဲ့ သာကူကို တလှည့်စီ ပြုလုပ်ပေးတယ်လို့ သိရပါတယ်။
မြေနံ့ လုံးဝ မရတဲ့ မြေအိုးထမင်း ပန်းကန်ခွက်ယောက်များ
"စားသုံးသူတွေအတွက် မြေသားကို ကျွန်မတို့ စက်နဲ့ မလုပ်ဘဲ မြေသားနဲ့ လက်မှုနဲ့ဒိုးတိုက်တယ်။ အဲဒီလို မလုပ်ရင် သဲပါမယ်။ မြေနဲ့ သဲနဲ့ လုပ်တာဆိုတော့ အဲ့ဒါကြောင့် အိုးတွေကို ဒိုးတိုက်တာ။ ဇွန်းတွေဆိုလည်း သစ်သားဇွန်း ဆိုပေမယ့် ကျွန်မတို့ ပေါ်လစ်မတိုက်ထားဘူး။ ပေါ်လစ်က ကျန်းမာရေး နဲ့ မညီတာကြောင့် လက်မှုတွေနဲ့ လည်း သေချာလုပ်ပေးထားတယ်။ ကျွန်မတို့ဆိုင်ရဲ့ ရည်ရွယ်ချက်က အမြတ်ငွေထက် စားသုံးသူကို အဆင်ပြေစေချင်တာ။ ကိုယ်တိုင်ကလည်း ဟင်းချက်ရတာ ၀ါသနာအရမ်းပါလွန်းလို့ စားသုံးသူတွေဆီက အမြတ်ငွေ ဆိုတာထက် ကိုယ်ချက်ထားတာကို စားစေချင်တဲ့စေတနာပဲရှိတာပါ" လို့ အိမ်သူ မြေအိုးဆိုင်ပိုင်ရှင် မသင်းသင်းဆွေက ပြောပြပါတယ်။
အိမ်သူ မြေအိုး ထမင်းဆိုင် ဖြစ်တည်လာပုံ
အိမ်သူ မြေအိုးထမင်းဆိုင်လေးကို တော့ ဇန်နဝါရီလ ၁၆ရက်နေ့ က ဖွင့်လှစ်ခဲ့တာပါ။ ဆိုင်ကို သူများနဲ့မတူတဲ့ ထူးခြားတဲ့ ပုံစံနဲ့ ဖွင့်လှစ်ချင်တာကြောင့် မြေအိုးနဲ့စားသုံးရတဲ့ ဆိုင်လေးအဖြစ် စတင်လိုက်လာဖြစ်ပါတယ်။
"ကျွန်တော့်အမျိုးသမီးက ဟင်းချက် တတ်တော့ အရင်ကလည်း မိတ္ထီလာမှာ ထမင်းဆိုင်ဖွင့်ဖူးတယ်။ နောက်တော့ ကျွန်တော်တို့ စီးပွားခွဲတဲ့ အ နေနဲ့ ထူးထူးခြားခြားလေးလည်းဖြစ်အောင် အိမ်သူ မြေအိုးထမင်းဆိုင်ကို ဖွင့်လိုက်တာပါ။ ပြီးတော့ဟင်းအကုန်လုံးကို ဒယ်အိုးနဲ့ချက်ပြီး မြေအိုးနဲ့ ပြန်နှပ် တာမျိုးဆိုတော့ ဟင်းတွေက ပိုပြီးအရသာရှိပါတယ်။"လို့ မြေအိုးထမင်းဆိုင် ပိုင်ရှင် ကို အောင်ကျော်ကျော်.က ပြောပါတယ်။
မြေသားနဲ့ ပြုလုပ် ထားပြီးထူးခြားလှတဲ့ မြေပန်းကန် ခွက်ယောက်တွေ နဲ့စားသုံးချင်သူတွေ အတွက် အိမ်သူ မြေအိုးထမင်းဆိုင်လေးက တော့ နွေးထွေးစွာ ကြိုဆိုနေပါတယ်။ ဆိုင်လိပ်စာလေးက တော့ အမှတ်၁၂၊ ဓမ္မဝိဟာရလမ်း ၊ ကျောက်မြောင်း ဖြစ်ပြီး ဖုန်းနံပါတ်တွေကတော့ ၀၉-၇၉၀၂၄၁၅၂၇ နဲ့ ၀၉-၄၀၇၂၇၃၇၃၇ တို့ပဲ ဖြစ်ပါတယ်။