• တစ်ပွဲတစ်မျိုးမရိုးရတဲ့ နောက်တန်းရဲ့အလှူအတန်းရက်ရောမှုကြောင့် ယူနိုက်တက်တို့ အိမ်ကွင်းမှာထပ်ရှုံး

မန်ချက်စတာဒါဘီအိမ်ကွင်းပွဲမှာ ယူနိုက်တက်တို့ ဂိုးပြတ်ထပ်ရှုံးခဲ့တာပါ။

ယူနိုက်တက်က ဒီပွဲအတွက် ၃-၅-၂ နဲ့ပဲ ပွဲထွက်လာခဲ့ပြီး အဲရစ်ဘာယီ၊ မက်ဂွိုင်းရား၊ လင်ဒီလော့ဖ်နဲ့အတူ ဖရက်ဒ်၊ တွမ်မီနေးအတွဲလည်း ကွင်းလယ်မှာ ပါဝင်လာခဲ့ပါတယ်။ တိုက်စစ်မှာတော့ ကာဗာနီ ဒဏ်ရာရနေခဲ့သလို ရပ်ရှ်ဖို့ဒ်ကိုလည်း အရံခုံမှာပဲထားပြီး ဂရင်းဝုဒ်ကို ရော်နယ်ဒိုနဲ့ တွဲပေးခဲ့ပါတယ်။

image

မန်စီးတီးကလည်း သူတို့ရဲ့အတောင့်တင်းဆုံး လူစာရင်းနဲ့ပဲ ပွဲထွက်လာခဲ့ပြီး ဂရီလစ်ရှ်ကလွဲလို့ ဂျေးဆု၊ ဖိုဒန်၊ ဒီဘရိုင်း၊ ဘာနာဒိုဆေးလ်ဗား၊ ဝေါ်လ်ကာ၊ ကန်ဆယ်လို၊ ဒီယက်စ်တို့ ပါဝင်လာခဲ့ပါတယ်။ မန်ချက်စတာဒါဘီရဲ့ အစဥ်အလာအတိုင်းပဲ ပွဲစတာနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ရှိခဲ့ပါတယ်။

image

ပွဲကစားချိန် (၆) မိနစ်မှာပဲ ကန်ဆယ်လိုရဲ့ဖြတ်တင်ဘောကို ဘာယီဖျက်ထုတ်ရင်း ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့ပါတယ်။ ဒီနေ့ပွဲ ယူနိုက်တက်ခြေစွမ်းက လီဗာပူးနဲ့ပွဲကထက် ဘာမှမထူးပါဘူး။ နောက်တန်းက ဖရိုဖရဲ၊ ကွင်းလယ်ကခါးပျက်၊ တိုက်စစ်က ကြောင်ပျောက်နဲ့ဖြစ်နေခဲ့တာပါ။ ရော်နယ်ဒိုဆီက ဂိုးမရရင် ဘာမှမျှော်လင့်လို့မရဘဲ နောက်တန်းမှာ ဗဟိုနောက်ခံလူ (၂) ယောက်ကနေ (၃) ယောက်ဖြစ်လာတာကလည်း ဒီဂီယာကို ခြိမ်းခြောက်မယ့် လူအရေအတွက် တိုးလာတာပဲရှိပါတယ်။

ဘာယီရဲ့ ကိုယ့်ဂိုးကိုယ်သွင်းတာအပြင် လင်ဒီလော့ဖ်လည်း ကိုယ့်ဂိုးကိုယ်ထပ်သွင်းဖို့ နီးစပ်ခဲ့ပေမယ့် ဒီဂီယာကာကွယ်နိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ မန်စီးတီးကစားသမားတွေရဲ့ အပိုင်ကန်ချက် (၃) ကြိမ်လောက်က ဒီဂီယာ လက်စွမ်းပြခဲ့လို့သာ ဂိုးထဲမရောက်တာပါ။ မဟုတ်ရင် ဒီပွဲရဲ့ပထမပိုင်းရလဒ်ကလည်း လီဗာပူးနဲ့ပထမပိုင်းရလဒ်နဲ့ အတူတူပဲဖြစ်နေပါလိမ့်မယ်။

ဒါတောင် ပထမပိုင်းပြီးခါနီးမှာ နောက်တစ်ဂိုးပေးလိုက်ရပြီး ထုံးစံအတိုင်း လုခ်ရှောရဲ့ မရိုးရတဲ့ အမှားနဲ့ ဘာနာဒိုဆေးလ်ဗားက ကြုံသလိုသွင်းသွားတာပါ။ ဒုတိယပိုင်းမှာတော့ ဘာယီကို ထုတ်ပြီး ဆန်ချိုနဲ့ နောက်တန်း (၄) ယောက်ပြန်ပြောင်းကစားခဲ့ပါတယ်။ 

မန်စီးတီးက ဒုတိယပိုင်းမှာ ကစားအားနည်းနည်းချလိုက်တဲ့ သဘောမှာရှိပြီး မလိုအပ်ဘဲ အလွန်အကျူးတိုက်စစ်ဆင်တာမျိုးမရှိတော့ပါဘူး။ ဂွါဒီယိုလာကလည်း လူစားလဲခဲ့တာမျိုးမရှိပါဘူး။ အဲ့ဒါကြောင့် ယူနိုက်တက်ဘက်က နည်းနည်းပြန်ဖိအားပေးလာပေမယ့် ထိထိရောက်ရောက်လည်း မရှိခဲ့ပါဘူး။ ဒါတောင် မန်စီးတီးဘက်က ဂိုးရနိုင်ခြေအချို့ရှိခဲ့ပြီး မဝင်ခဲ့လို့သာ ယူနိုက်တက်တို့ ဒီထက်အရှက်ပိုမကွဲခဲ့တာပါ။

ဆိုးလ်ရှားကို မထုတ်သရွေ့ ယူနိုက်တက်က ဒီလိုအခြေအနေမျိုးတွေနဲ့ ဆက်တိုက်ရင်ဆိုင်ရပါလိမ့်မယ်။ အသင်းရဲ့ ဂန္တဝင်ဆိုတာကလွဲလို့ သူ့ဆီမှာ ယူနိုက်တက်ကို ကိုင်တွယ်ဖို့ ဘာအရည်အချင်းမှမရှိပါဘူး။ ပြုတ်ခါနီး ဖိအားများလာရင် တစ်ဦးကောင်းတစ်ယောက်ကောင်း ကယ်တင်မှုနဲ့ ရလဒ်နည်းနည်းကောင်းမယ်၊ ပြီးရင် ဒီလိုအရေးကြီးပွဲတွေမှာ ပြန်ရှုံးမယ်၊ ဒါနဲ့ပဲသံသရာလည်နေပါလိမ့်မယ်။ 

Share

Loading Next Article...
က္က