တို့ဟူးနွေး၊ ရှမ်းခေါက်ဆွဲတို့ကို အရသာကောင်းကောင်းလေးစားချင်သူတွေအတွက် လှည်းတန်း၊ TTC ကမာရွတ်ဝင်းထဲက ကားလေးနဲ့ လာရောင်းတဲ့ ထိုက်တန် ရှမ်းအစားအစာဆိုင်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ အရသာကောင်းပြီး ဈေးနှုန်းလည်းသင့်တင်တာကြောင့် ဒီဆိုင်လေးကို စားဖူးတဲ့သူတိုင်း ထပ်စားချင်တဲ့ဆိုင်လေးပါ။

မိုးကုတ်အရသာမျိုးစားရမယ့်ဆိုင်လေး
ဒီဆိုင်လေးကို စတင်ခဲ့တဲ့ ဆိုင်ရှင်ကိုအောင်မျိုးသန့်ဟာ မိုးကုတ်ဇာတိဖြစ်ပါတယ်။ ငယ်ငယ်ကတည်းက ရှမ်းအစားအစာတွေကို ရင်းနှီးခဲ့သူဖြစ်တာကြောင့် ရန်ကုန်ကိုတက်လာပြီး ရှမ်းစာလေးတွေကို ရောင်းဖို့ စိတ်ကူးခဲ့တာပါ။ ဖွင့်စမှာတော့ ဆိုင်ခန်းတွေဖွင့်လှစ်ရောင်းချခဲ့ပေမယ့် ကိုဗစ်တွေဖြစ်ပြီးနောက်ပိုင်းမှာတော့ ကားလေးနဲ့ လှည့်ရောင်းဖို့ ဖြစ်လာခဲ့ပါတယ်။
“ အရင်တုန်းက သမိုင်း၊ဗဟန်းတို့မှာ ဆိုင်တွေဖွင့်သေးတယ်။ အခြေအနေတွေကြောင့် ဆိုင်ခန်းခများလာတာနဲ့ ကားလေးရောင်းဖြစ်သွားတာပါ။ အရင်က UFL ရှေ့မှာ ရောင်းတယ်။ အခုတော့ သထုံလမ်း TTC ကမာရွတ်ဝင်းထဲမှာ ရောင်းပါတယ်” လို့ ဆိုင်ရှင်ကိုအောင်မျိုးသန့်က ဆိုပါတယ်။
ဘာစားစား တစ်ပွဲ ၂၀၀၀ ကျပ်တန်ဆိုင်လေး
ဒီဆိုင်လေးမှာ ရန်ကုန်မှာ အစားအများဆုံးဖြစ်တဲ့ ရှမ်းအစားအစာဖြစ်တဲ့ ရှမ်းခေါက်ဆွဲ၊ တို့ဟူးနွေး၊ တို့ဟူးကြော် စတာတွေ ရနိုင်ပြီး ဘာစားစား တစ်ပွဲ ၂၀၀၀ ကျပ်သာ ကျသင့်ပါတယ်။ လက်ရာကလည်း ရှမ်းပြည်မှာသွားစားရသလို ခံစားရစေပြီး ဈေးနှုန်းကလည်း သင့်တင့်တာကြောင့် အမြဲမပြတ်လူစည်တဲ့ဆိုင်လေးပါ။
“ ဆိုင်ခန်းခ မရှိတော့ ဈေးသက်သက်သာနဲ့ ရောင်းနိုင်တာပေါ့။ လူတိုင်းလည်း စားနိုင်တဲ့ဈေးလေးနဲ့ လုပ်ထားတယ်။ ဒီဆိုင်မှာအစားများဆုံးကတော့ တို့ဟူးကြော်နဲ့ ရှမ်းခေါက်ဆွဲ အဓိက စားများတယ်” လို့ ကိုအောင်မျိုးသန့်ကဆိုပါတယ်။
တစ်ခြားဆိုင်တွေနဲ့ မတူတဲ့သူ့အရသာ
တို့ဟူးကြော်က အစ ကိုယ်တိုင်ကြော်ရောင်းပြီး ဒီဆိုင်မှာ ရနိုင်တဲ့ ရှမ်းအစားအစာလေးတွေက ရှမ်းပြည်မှာ စားကြတဲ့ ပုံစံကို ရန်ကုန် အကြိုက်ပုံစံမျိုး ပြောင်းလုပ်ထားတာဖြစ်ပါတယ်။ တို့ဟူးကြော်ဆိုလည်း ပျော့နေတာ မာနေတာမျိုးမဟုတ်ဘဲ အိအိလေးနဲ့ စားလို့ကောင်းတဲ့အရသာလေးမို့ ဒီဆိုင်က တို့ဟူးကြော်ဆို နာမည်ကြီးပဲလို့ မှတ်ချက်ပြုကြပါတယ်။
“ နယ်ကနဲ့ ရန်ကုန်က လုပ်တဲ့ ရှမ်းခေါက်ဆွဲပုံစံတွေနည်းနည်းကွာတယ်။ ရှမ်းပြည်ဘက်က လူတွေက အဖြူထည်လေးတွေစားကြတယ်။ ဒီမှာကျ ဆီများများ၊ ပဲငပိနဲ့ လေးလေးပင်ပင်လေးစားကြတယ်။ အရသာတွေအကုန်လုံးကို ကိုယ်တိုင်ကြိုက်အောင်လုပ်တယ်။ ကိုယ်တိုင်မှ မကြိုက်ရင် သူများ ဘယ်စားမလဲ။ အဲဒါကြောင့် ကိုယ်တိုင်လည်း ကြိုက်အောင်လုပ်တယ်။ သူများကြိုက်အောင်လည်း လုပ်ပေးတယ်” လို့ ဆိုပါတယ်။
ထိုက်တန်ရှမ်းခေါက်ဆွဲ၊တို့ဟူးနွေးစားချင်တယ်ဆိုရင်တော့
ထိုက်တန် ရှမ်းခေါက်ဆွဲ၊ တို့ဟူးနွေးဆိုင်လေးကတော့ ကမာရွတ်မြို့နယ် TTC ကျောင်း ဘောလုံးကွင်းရှေ့မှာ Hijet ကာလေးနဲ့ လာရောင်းတာဖြစ်ပြီး မနက် ၇ နာရီကနေ နေ့လယ် ၂ နာရီအထိ ရောင်းချပေးကာ အပတ်စဉ် တနင်္ဂနွေ တစ်ရက်ဆိုင်နားလေ့ရှိပါတယ်။ ဒါကြောင့်မို့ ရှမ်းခေါက်ဆွဲ၊ တို့ဟူးနွေးကြိုက်သူတွေအတွက် ဈေးသင့်ပြီး အရသာကောင်းကောင်းစားချင်တယ်ဆိုရင် ဒီဆိုင်လေးမှာ လာစားကြည့်ကြပါနော်။