လမ်းတံတားအသုံးပြုခအဖြစ် ကျသင့်ငွေမှ အကြွေလိုနေတာကြောင့် ၅ ကျပ်တန် ၁၀ ရွက်ပေးတာကို လက်မခံခဲ့တဲ့ ဝန်ထမ်းကို အလုပ်ကထုတ်ပယ်ပြီး အရေးယူလိုက်တယ်လို့ သိရပါတယ်။
Photo - The original Video
သော်တာဝင်းကုမ္ပဏီ က B.O.T စနစ်နဲ့ တာဝန်ယူဆောင်ရွက်နေတဲ့ ရန်ကုန်-မန္တလေးလမ်း (မိတ္ထီလာ-မန္တလေးအပိုင်း) သပြေဝ တိုးလ်ဂိတ်မှာ မတ်လ ၃ ရက်နေ့က အိမ်စီးကားတစ်စီးဟာ ဂိတ်မှာ လမ်း/တံတားအသုံးပြုခအဖြစ် လမ်းအသုံးပြုခ (၂၀၀)ကျပ်နဲ့ စမုံ၊ ဒါန်းချောင်း တံတား(၂)စင်း အသုံးပြုခ (၂၀၀)ကျပ်၊ စုစုပေါင်းကျသင့်ငွေ (၄၀၀)ကျပ် ပေးဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ယာဉ်ပေါ်ပါ အမည်မသိ အမျိုးသမီးက လမ်း၊ တံတားအသုံးပြုခ အဖြစ် (၂၀၀)ကျပ်တန် (၁)ရွက်၊ (၁၀၀)ကျပ်တန် (၁)ရွက်၊ (၅၀)ကျပ်တန် (၁)ရွက်နဲ့ (၅)ကျပ်တန် (၁၀)ရွက်တို့ကို ပေးဆောင်ရာမှာ တိုးလ်ဂိတ်ဝန်ထမ်းအမျိုးသမီးတစ်ဦးက ၅ ကျပ်တန်တွေမယူနိုင်ကြောင်းနဲ့ အခြားနေရာမှာ သွားပေးလို့ပြောခဲ့ပြီး တံခါးပိတ်ထားတာကြောင့် အချေအတင်ဖြစ်ခဲ့တယ်လို့သိရပါတယ်။
အဲ့ဒီနောက် တိုးလ်ဂိတ် တာဝန်ခံတွေက ယာဉ်ကြော ပိတ်ဆို့မှု မဖြစ်ပေါ်စေဖို့ ငွေအကြွေတွေကို လက်ခံပြီးဖြတ်ပိုင်းဖြတ်ကာ မော်တော်ယာဉ်အား ဖြတ်သန်းစေခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ဒါကြောင့် ငွေကောက်တာဝန်ကျ ဝန်ထမ်းရဲ့ အမြင်မကျယ်မှု၊ ဖြေရှင်းပုံနည်းလမ်း မှားယွင်းမှုတွေကြောင့် ကုမ္ပဏီအနေနဲ့ ဝန်ထမ်းစည်းကမ်းနှင့်အညီ အဆိုပါဝန်ထမ်းအား အလုပ်မှ ထုတ်ပယ်ပြီး အရေးယူလိုက်တယ်လို့ ဆိုပါတယ်။
နောင်အခါ ဒီလိုကိစ္စတွေမဖြစ်စေဖို့ကိုလည်း တိုးလ်ဂိတ်မှာ တာဝန်ထမ်းဆောင်နေသူတွေကို သင်ကြားပေးပြီး ခရီးသွားပြည်သူတွေ အဆင်ပြေချောမွေ့စေရေး ဆောင်ရွက်ပေးသွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။