Zeiss ကင်မရာစနစ် သုံးထားတဲ့ Vivo ရဲ့ High-end မော်ဒယ် X70 Pro Plus သစ်ကို မိတ်ဆက်သွားပါတယ်။
ပြီးခဲ့တဲ့နှစ်ထဲမှာ Vivo ဟာ ဂျာမန်ကင်မရာကုမ္ပဏီ Carl Zeiss နဲ့ ပေါင်းပြီး Flagship မော်ဒယ်တွေ ဖြစ်တဲ့ Vivo X50 / X60 စမတ်ဖုန်းတွေကို ကြေညာလာတာပါ။ Vivo X70 Pro Plus ဟာ ကုမ္ပဏီရဲ့ ပရီမီယံအကျဆုံးဖုန်းသစ်ဖြစ်ပြီး နောက်ဆုံးပေါ် Snapdragon 888+ SoC နဲ့ လာပါတယ်။ ဖုန်းအရွယ်အစား ၆.၇၈၃ လက်မရှိပြီး 1Hz ကနေ 120Hz Refresh rate ချိန်ညှိနိုင်တဲ့ 1440p OLED screen ၊ 4500mAh ဘက်ထရီ နဲ့ ကုမ္ပဏီရဲ့ 55W FlashCharge နည်းပညာ သုံးထားပါတယ်။

Photo: The Verge
ဖုန်းအားသွင်းစနစ်မှာ အရေးပါလာတာတစ်ခုက Qi အားသွင်းစနစ်နဲ့ အလုပ်လုပ်နိုင်တဲ့ 50W Wireless fast charging နည်းပညာ ပါလာတာပဲ ဖြစ်ပါတယ်။ Vivo ရဲ့ ပထမဆုံး wireless charging ပံ့ပိုးမှု ပါလာတဲ့ စမတ်ဖုန်းဖြစ်ပြီး Qi Charger တွေနဲ့ ကြိုးမဲ့အားသွင်းနိုင်မှာပါ။ Vivo X70 Pro Plus ဟာ Zeiss တံဆိပ် ကင်မရာဖွဲ့စည်းမှုနဲ့ လာပြီး 50MP main sensor ၊ 48MP gimbal-stabilized ရုပ်ငြိမ်ပံ့ပိုးမှုပါ Ultrawide ကင်မရာ ၊ 12MP telephoto နဲ့ 5x ဆွဲရိုက်နိုင်တဲ့ 8MP periscope telephoto ကင်မရာတို့ သုံးထားပါတယ်။
ကင်မရာပိုင်းမှာ စိတ်ဝင်စားစရာက ကင်မရာ ၄ လုံးစလုံးကို OIS နဲ့ EIS ရုပ်ငြိမ်စနစ်တွေ ထည့်ပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ထပ် စိတ်ဝင်စားစရာ ကင်မရာ features အနေနဲ့ Zeiss မှန်ဘီလူးတွေကို အခြေခံပြီး ဖန်တီးထားတဲ့ Distagon ၊ Planar နဲ့ Sonnar စတဲ့ bokeh modes သစ် သုံးမျိုး ပါလာပါတယ်။ ကင်မရာ chips ပိုင်းမှာ Vivo ကနေ အသစ်ဒီဇိုင်းထုတ်ထားတဲ့ Imaging Chip V1 သစ်လည်း ပါဝင်ပါတယ်။ V1 Chip ဟာ ရုပ်ထွက်ဝါးတာလျှော့ချနိုင်စွမ်းနဲ့ ဗွီဒီယို ဖရိန်တွေကို တွက်ချက်နိုင်မှု Motion Compensation တို့ကို ပိုကောင်းအောင် ဒီဇိုင်းထုတ်ထားတယ်လို့ ဆိုပါတယ်။
Photo: GSMArena
Vivo X70 Pro Plus စီးရီးထဲက X70 Pro နဲ့ X70 မော်ဒယ်တွေဟာ 120Hz ၆.၅၆ လက်မ display နဲ့ လာပြီး MediaTek Dimensity 1200 processor သုံးထားပါတယ်။ 44W FlashCharge စနစ် သုံးထားပြီး ကြိုးမဲ့အားသွင်းစနစ်တော့ ပါဝင်ခြင်း မရှိပါဘူး။ ကင်မရာစနစ်အနေနဲ့ Pro မော်ဒယ်ဟာ ultrawide မှာ 12MP ကို ချထားပြီး X70 မှာတော့ 40MP main sensor နဲ့ 12MP sensor နှစ်လုံး စုစုပေါင်း ကျောဘက်ကင်မရာသုံးလုံး ပါရှိပါတယ်။
Vivo X70 Pro Plus ဟာ LPDDR5 RAM 8GB / 12GB ၊ UFS 3.1 storage စနစ်သုံး 256GB/512GB ဗားရှင်းတွေနဲ့ ထွက်ထားပြီး base model ဖြစ်တဲ့ 8/256GB ဗားရှင်းကို ယွမ် ၅၅၀၀ (မြန်မာငွေ ၁၄ သိန်းကျော်) ကနေ အမြင့်ဆုံး မော်ဒယ် RAM 12/512GB ကို ယွမ် ၇၀၀၀ (မြန်မာငွေ ၁၈ သိန်းနီးပါး) ဈေးတွေနဲ့ ရောင်းချသွားမှာပါ။