ယူနိုက်တက်တာဝန်ရှိသူတွေက အသင်းရဲ့ အဓိက,ကစားသမား ရော်နယ်ဒိုကို ကစားသမားမဟုတ်တဲ့ အခြားတာဝန်ပေးအပ်ဖို့ အစီအစဥ်မရှိသေးဘူးလို့ သိရှိရပါတယ်။ ရော်နယ်ဒိုဟာ (၂၀၀၉) မှာ ယူနိုက်တက်က ထွက်ခွာသွားခဲ့ပြီးနောက် ပြီးခဲ့တဲ့နွေရာသီမှာတော့ ယူနိုက်တက်ကို ပြန်လည်ရောက်ရှိလာခဲ့တာပါ။

ရော်နယ်ဒိုအနေနဲ့ သူ့ရဲ့ ကစားသမားဘဝကို ယူနိုက်တက်မှာပဲ ကုန်ဆုံးဖို့ ဆန္ဒရှိနေပြီး အဲ့ဒီနောက်မှာ နည်းပြအဖြစ် တဖြည်းဖြည်းကူးပြောင်းသွားမယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

နည်းပြတစ်ယောက်ဖြစ်လာဖို့အတွက် ယူနိုက်တက်က အကောင်းဆုံးနေရာတစ်ခုလို့ ရော်နယ်ဒိုက ယူဆထားပြီး သူ့သားဖြစ်သူ ခရစ္စတီယာနိုဂျူနီယာကို အနီးကပ်ကြီးကြပ်နိုင်ဖို့အတွက်လည်း ယူနိုက်တက်မှာပဲ ရော်နယ်ဒို နည်းပြအဖွဲ့ဝင်အဖြစ် စတင်ထမ်းဆောင်မယ်လို့ သတင်းတွေက ဖော်ပြခဲ့တာပါ။
ဒါပေမယ့် ရော်နယ်ဒိုကိုယ်တိုင်က ကစားသမားဘဝက အနားယူပြီးရင် နည်းပြဆက်လုပ်ဖို့ မသေချာသေးဘဲ ဒီအကြောင်းကိုလည်း သူ့အမေ ဒိုလိုရက်စ်က ပြောကြားခဲ့ဖူးပါတယ်။ ရော်နယ်ဒိုက ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းသွားလိုတယ်လို့ ဆိုထားတာကြောင့် နည်းပြဖြစ်လာဖို့ အခွင့်အလမ်းနည်းပါးနေဆဲပါ။
ဒါ့အပြင် ယူနိုက်တက်ကလည်း ရော်နယ်ဒိုကို အသင်းမှာ ကစားသမားအဖြစ်ကလွဲလို့ အခြားရာထူးတစ်ခုခု တာဝန်ပေးဖို့ အစီအစဥ်မရှိသေးဘူးလို့လည်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ရော်နယ်ဒိုဟာ အင်္ဂလန်မြေကို ပြန်လည်ရောက်ရှိလာပြီးနောက်ပိုင်း ယူနိုက်တက်အတွက် (၁၂) ပွဲကစား၊ (၉) ဂိုးသွင်းထားပြီး ဒီအထဲမှာ ချန်ပီယံလိဂ် (၄) ပွဲကစား (၅) ဂိုးသွင်းထားတာကလည်း အပါအဝင်ပါ။
တော်တော်များများကတော့ ရော်နယ်ဒိုရဲ့ အနားယူပြီးနောက်ပိုင်း အစီအစဥ်တွေကို စိတ်ဝင်စားနေကြပေမယ့် ရော်နယ်ဒိုကိုယ်တိုင်ကတော့ ကစားသမားဘဝက အနားယူဖို့ အစီအစဥ်မရှိသေးဘဲ လာမယ့် (၂၀၂၂) ကမ္ဘာ့ဖလားတင်မကဘဲ လာမယ့် (၂၀၂၆) ကမ္ဘာ့ဖလားကိုပါ ဝင်ရောက်ကစားနိုင်ဖို့ ပစ်မှတ်ထားနေတယ်လို့ သတင်းတွေကဖော်ပြခဲ့ဖူးပါတယ်။