မနေ့ညက ကစားခဲ့တဲ့ အယ်လ်အာလီနဲ့ အယ်လ်နာဆာတို့ရဲ့ ဆော်ဒီပရိုလိဂ်ပွဲစဉ်မှာတော့ အယ်လ်နာဆာက ရော်နယ်ဒိုရဲ့ တစ်လုံးတည်းသော ပင်နယ်တီသွင်းဂိုးနဲ့အတူ နိုင်ပွဲပြန်ရှာတွေ့ခဲ့ပါတယ်။ ဒါဟာ အယ်လ်နာဆာအတွက် နောက်ဆုံး (၅) ပွဲမှာ ပထမဆုံးနိုင်ပွဲရရှိခဲ့တာပါ။


ဒီပွဲမှာ အယ်လ်နာဆာက ရော်နယ်ဒို၊ မာနေး၊ ဘရိုဇိုဗစ်၊ အိုတာဗီယို၊ အဲလက်စ်တဲလက်စ်၊ လာပေါ့တ်တို့နဲ လူစုံပါဝင်ခဲ့ပေမယ့် တာလစ္စကာတစ်ယောက်ကတော့ ဒဏ်ရာကြောင့် လွဲချော်ခဲ့ရပါတယ်။ တာလစ္စကာ မပါဝင်နိုင်တာက အယ်လ်နာဆာရဲ့ တိုက်စစ်ပိုင်းကို အကျိုးသက်ရောက်မှုရှိစေပြီး ဒီပွဲမှာ ပြိုင်ဘက် ဂိုးပေါက်ကို (၄) ကြိမ်သာ ကန်သွင်းနိုင်ခဲ့သလို ဂိုးပေါက်တည့်တာကလည်း (၁) ကြိမ်တည်းရှိခဲ့ပါတယ်။
ဘာပဲဖြစ်ဖြစ် နိုင်ပွဲရရှိခဲ့တာကြောင့် အယ်လ်နာဆာတို့ အမှတ်ပေးဇယားထိပ်ဆုံးက အယ်လ်ဟီလာနဲ့ အမှတ်ကွာဟချက်ကို (၉) မှတ်အထိ လျှော့ချနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒါက အယ်လ်ဟီလာတို့ လက်ကျန်ပွဲမကစားရခင် အနေအထားဖြစ်ပြီး အယ်လ်ဟီလာသာ နိုင်ပွဲရရှိခဲ့ရင် အမှတ်ကွာဟချက်က အရင်အတိုင်း ပြန်ဖြစ်သွားမှာပါ။