• Yahoo Japan ရဲ့ အွန်လိုင်းဝန်ဆောင်မှု ဥရောပမှာ ရပ်ဆိုင်း

GDPR စည်းကမ်းတွေအတိုင်း လိုက်နာဖို့ အခက်အခဲတွေကြောင့်လို့ ဆိုပါတယ်။

နာမည်ကြီး ဂျပန်အင်တာနက်ကုမ္ပဏီ Yahoo Japan ဟာ ဧပြီ ၆ ရက်နေ့က စပြီး ဥရောပစီးပွားရေးဧရိယာနဲ့ ယူကေဈေးကွက်တွေကနေ ထွက်ခွာတော့မယ်လို့ ဆိုပါတယ်။ 

GDPR အချက်အလက်ကာကွယ်ရေးစည်းမျဉ်းအပါအဝင် ဥရောပဥပဒေတွေအတိုင်း လိုက်နာဖို့ အခက်အခဲရှိတာကြောင့် အခုလို ဈေးကွက်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်တာလို့ The Verge သတင်းက ဖော်ပြပါတယ်။ ဥရောပစီးပွားရေး ဧရိယာ EEA နဲ့ ယူကေတို့က ဖောက်သည်တွေအတွက် စဉ်ဆက်မပြတ်ဝန်ဆောင်မှု ပေးဖို့ ခက်ခဲနိုင်တယ်လို့ Yahoo Japan က ဆိုပါတယ်။ 

image


Photo: Nikkei Asia

ကုမ္ပဏီရဲ့ အွန်လိုင်းဝန်ဆောင်မှုအများစု ရပ်သွားပေမယ့် အီးမေးလ် ၊ ခရစ်ဒစ်ကတ် နဲ့ eBook ဝန်ဆောင်မှုတွေကတော့ ဆက်ပြီး အသုံးပြုနိုင်ဦးမှာ ဖြစ်တယ်လို့ ကုမ္ပဏီက ထုတ်ပြန်ပါတယ်။ Yahoo Japan ဟာ အမေရိကန်အင်တာနက် Web ရှာဖွေရေးကုမ္ပဏီ Yahoo ကနေ သီးသန့်ခွဲထွက်ထားပြီး ၂၀၂၁ ခုနှစ်မှာ Apollo Global Management ပိုင် လုပ်ငန်းဖြစ်လာခဲ့တာပါ။ 

ဖေဖော်ဝါရီ ၁ ရက်နေ့က Yahoo Japan ရဲ့ ကြေညာချက်ထဲမှာ EU ဥရောပသမဂ္ဂနိုင်ငံများ ၊ ဗြိတိန် ၊ အိုက်စလန် နဲ့ နော်ဝေးဈေးကွက်တွေမှာ ဝန်ဆောင်မှုရပ်ဆိုင်းသွားမယ်လို့ ဆိုပါတယ်။ ဂျပန် Yahoo ဝက်ဘ်ဆိုက်ဟာ ရှာဖွေရေးအင်ဂျင်ဝန်ဆောင်မှု ၊ သတင်း ၊ ခရီးသွားလာရေး နဲ့ ဈေးရောင်းဝယ်ရေး ဝန်ဆောင်မှုတွေလည်း ပေးနေတာပါ။ 

Yahoo Japan ရဲ့ SoftBank ပိုင် မိခင်ကုမ္ပဏီ Z Holdings ဟာ ပြီးခဲ့တဲ့နှစ်ထဲမှာ ဂျပန်စာပို့ App တစ်ခုဖြစ်တဲ့ Line နဲ့ ပေါင်းစည်းခဲ့ပြီး တစ်ကမ္ဘာလုံး အသုံးပြုနိုင်မယ့် Global Smartphone App တစ်ခု ဖြန့်ချိသွားမယ်လို့ ဖွဲ့စည်းလိုက်တဲ့ ကုမ္ပဏီသစ် Z Holdings ရဲ့ ပူးတွဲ CEO နဲ့ Line CEO တာကာရှီ အီဒဲလ်ဇာဝါက ကြေညာထားပါတယ်။ 

Photo: Nikkei Asia


Yahoo Japan ဟာ ဂျပန်ဈေးကွက်မှာ လူကြိုက်များဆဲဖြစ်ပေမယ့် အခု ပိတ်လိုက်တဲ့ ဒေသတွေမှာတော့ Yahoo Japan အသုံးပြုသူရဲ့ ၁ % ခန့်ပဲ ရှိတယ်လို့ ဆိုပါတယ်။ ဥရောပသမဂ္ဂရဲ့ အထွေထွေ အချက်အလက်ကာကွယ်ရေးစည်းမျဉ်း GDPR ဟာ ၂၀၁၈ ခုနှစ်မှာ စတင် အသက်ဝင်ခဲ့ပြီး သတင်းအချက်အလက်ပေါက်ကြားမှုကနေ ကာကွယ်ဖို့ ရည်ရွယ်တဲ့ ဒီဥပဒေဟာ EU မှာ အခြေစိုက်တဲ့ စီးပွားရေးလုပ်ငန်းတွေရော တခြားပြင်ပက လုပ်ငန်းတွေ အပေါ်ပါ အကျုံးဝင်ပါတယ်။ 

GDPR ဥပဒေအရ ဒဏ်တပ်မှုဟာ ဒေါ်လာသန်း ရာနဲ့ချီ များပြားတဲ့ ပမာဏနဲ့ ဒဏ်ရိုက်တာ ဖြစ်ပြီး ၂၀၂၁ ခုနှစ်ထဲမှာ Meta Platforms ပိုင် WhatsApp နဲ့ Amazon Inc တို့ကို GDPR ဥပဒေချိုးဖောက်မှုနဲ့ ဒေါ်လာသန်း ၈၇၀ အထိ ဒဏ်ရိုက်ခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က