YBS ကားတွေမှာ ကတ်စနစ်ပြန်အသုံးပြုလို့ရပြီးလို့ ကြေညာနေပေမယ့် အောက်ခြေမှာ ကတ်ဖြတ်ဖို့ စက်ပိတ်ထားတာတွေ ယာဥ်စီးခပိုတောင်းတဲ့အခက်ခဲတွေ ဖြစ်နေတယ် လို့ ခရီးသွားပြည်သူတွေ ဆီ ကနေ သိရပါတယ်။
စက်တင်ဆင်ပြီးဖြစ်တဲ့ YBS ကားတွေမှာ ကတ်စနစ်နဲ့ယာဥ်စီးခ ငွေပေးချေတာတွေလုပ်ဆောင်နိုင်ပြီဖြစ်တယ် လို့ Yangon Payment Services(YPS) ကနေ သိရပါတယ်။
" တပ်ထားတဲ့ ကားတွေကို သေချာလေးစစ်ဆေးလုပ်ဆောင်စေချင်တယ် ကားတော်တော်များများက အခုစက်ပိတ်ထားတာပဲ တွေ့နေရတယ် " လို့ လှိုင်သာယာမြို့နယ်မှာ နေထိုင်တဲ့ မအလင်္ကာ ကပြောပါတယ်။
အခု ဒီဇင်ဘာ ၁၃ ရက်နေ့ကစပြီးတော့ ကတ်စနစ်အသုံးပြုနိုင်မယ့် ယာဥ်လိုင်းအသစ်တစ်လိုင်း ဖြစ်တဲ့ YBS 37 ကို ထပ်မံတိုးချဲ့ခဲ့ပြီး ကတ်စနစ်တပ်ဆင်ထားတဲ့ကားတွေ မှာ ဝန်ဆောင်မှုပြန်လည်ရရှိနေပြီလို့လည်း Yangon Payment Services က ကြေညာထားတာပါ။
"ကတ်စနစ်အသုံးပြုလို့ကကောင်းတယ်။ ဒါပေ့မယ့် အခုကားတွေက ကတ်သုံးဖို့မပြောနဲ့ တချို့ကားတွေက ပုံးထဲတောင်ငွေသားထည့်လို့မရဘူး။ ပိုက်ဆံပိုတောင်းနေတာတွေလည်း ရှိတယ်။ တချို့ကားဆို ကားသမား ဒါမှမဟုတ် စပါယ်ယာလို တစ်ယောက်ပါတယ် သူလက်ထဲပါထည့်ပေးရတယ်" လို့ ခရီးသွားပြည်သူတစ်ယောက် ကပြောပါတယ်။
YBS ကားတွေမှာ ကတ်စနစ်ကို ၂၀၂၀ ဇူလိုင် လက စတင် အသုံးပြုလာနိုင်ခဲ့တာဖြစ်ပြီးတော့ YPS စတစ်ကာကပ်ထားတဲ့ YBS ကားတိုင်း မှာတပ်ဆင်အသုံးပြုနိုင်မှာလည်း ဖြစ်ပါတယ်။
"စက်က သုံးဖို့နေနေ တချို့ကားဆိုစက်ပါဖြုတ်ထားတယ်။ ဖွင့်တဲ့ကားက အတော်ရှားတယ်။ ပြီးတော့ ကတ်ထဲငွေဖြည့်ဖို့ကလည်း နေရာကရှားတယ် G&G တွေမှာဖြည့်လို့ရပေမယ့် ဆိုင်တိုင်းတော့မရဘူး။ ဖြည့်ဖို့နေရာလေးတော်တော်များများမှာလုပ်ပေးရင်ကောင်းမယ် " လို့ မြောက်ဒဂုံမှာနေထိုင်တဲ့ခရီးသွားပြည်သူတစ်ဦးဖြစ်တဲ့ ကိုသန်းဇော်က ပြောပါတယ်။
အခုထိတော့ ကတ်စနစ်ကို YBS 2 ၊3၊ 4 ၊7 ၊8၊ 10၊ 28 ၊24 ၊36 ၊37၊ 40 အပါအဝင် YBS ယာဉ်လိုင်း ၃၄ လိုင်းမှာ အသုံးပြုနိုင်ပြီးလို့ သိရပါတယ်။
"ကတ်အဟောင်းတွေလည်းသုံးလို့ရတယ် ၊ အခုကတ်သုံးလို့ရမယ့် ယာဥ်လိုင်း (၃၄) လိုင်းရှိတယ်၊ ကတ်သုံးဖို့စက်ပိတ်ထားရင် Yangon Payment Services page ကို အကြောင်းကြားလို့ရတယ်၊ အခု ကားတွေကိုလည်း စက်ဖွင့်ဖို့ ပြောဆိုထားပါတယ် ၊ တကယ်လို့ မဖွင့်တဲ့ကားတွေ့ရင်လည်း ကားနံပတ် ယာဥ်လိုင်းနံပတ်ကို မှတ်ပြီး လှမ်းအကြောင်းကြားလို့ရတယ်။" လို့ Yangon Payment Services ရဲ့ တာဝန်ရှိသူတစ်ယောက် ကပြောပါတယ်။
လက်ရှိမှာ YBS ယာဉ်လိုင်း ၉၇ လိုင်းပြေးဆွဲပေးနေပြီးတော့ခရီးသွားပြည်သူ လေးသိန်းခုနှစ်သောင်းကျော်စီးနင်းတယ် လို့ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) ကထုတ်ပြန်ထားပါတယ်။
Share