ဘိုင်ယန်မြူးနစ်နဲ့ ပိုလန်လက်ရွေးစင် တိုက်စစ်မှူးကြီး လီဝန်ဒေါစကီးဟာ ကမ္ဘာကျော် Huawei ကုမ္ပဏီနဲ့ ချုပ်ဆိုထားတဲ့ စပွန်ဆာ စာချုပ်ကို ဖျက်သိမ်းလိုက်ပြီလို့ တရားဝင်ကြေညာခဲ့ပါတယ်။ Huawei ဟာ တရုတ်ကုမ္ပဏီတခုဖြစ်ပြီး ရုရှားနဲ့ယူကရိန်းအရေးမှာ ရုရှားဘက်က မသိမသာ ပါဝင်အားပေးနေတာဖြစ်ပါတယ်။

ယူကရိန်းဘက်က ရပ်တည်တဲ့ ပရီးမီးယားလိဂ်ပွဲစဥ်တွေကို တရုတ်တို့က နိုင်ငံအတွင်း ပြသခွင့် ပိတ်ပင်ဖို့ ပြင်ဆင်ခဲ့သလို ရုရှားတို့အပေါ် ဆိုက်ဘာတိုက်ခိုက်မှုတွေကိုလည်း Huawei က လိုက်လံ ကာကွယ်ဖြေရှင်းပေးနေတယ်လို့ သိရှိရပါတယ်။ ရုရှားတို့က ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲတာကြောင့် ဟက်ခ်ကာတွေကလည်း ရုရှားအစိုးရပိုင်ဝက်ဘ်ဆိုက်တွေကို ဆိုက်ဘာတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒီအနေအထားတွေကို ကာကွယ်ပေးဖို့ Huawei က ရုရှားကို အကူအညီပေးခဲ့တယ်လို့ ဗြိတိန်နာမည်ကျော်သတင်းဌာန ဒေးလီးမေးလ်က ဖော်ပြခဲ့ပါတယ်။ ဒီသတင်းတွေကို Huawei ဘက်က ငြင်းဆန်ခဲ့ပေမယ့် ပိုလန်မီဒီယာတွေရဲ့ အဆိုအရ လီဝန်ဒေါစကီးဟာ ဒီသတင်းကိုကြားသိပြီးနောက်ပိုင်း Huawei နဲ့ စပွန်ဆာ စာချုပ်ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။
လီဝန်ဒေါစကီးရဲ့ အေးဂျင့်ဇာဝီဆလက်ခ်က “ဒီကနေ့မှာပဲ လီဝန်ဒေါစကီးနဲ့ Huawei အမှတ်တံဆိပ်တို့အကြား စျေးကွက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို အဆုံးသတ်ဖို့ ကျနော်တို့ ဆုံးဖြတ်ချက် ချမှတ်ခဲ့ပြီးဖြစ်ပါတယ်။ အဲ့ဒါကြောင့် ကျနော်တို့ဘက် ဆောင်ရွက်ပေးနေတဲ့ ပရိုမိုးရှင်းဆိုင်ရာ ဝန်ဆောင်မှုတွေကို ရပ်ဆိုင်းလိုက်ပြီဖြစ်ပါတယ်” လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် ဒီကြေညာချက်ထဲမှာ ဘာကြောင့် စာချုပ်ဖျက်သိမ်းရလဲဆိုတဲ့ အကြောင်းကိုတော့ ထည့်သွင်းဖော်ပြထားခြင်းမရှိပါဘူး။ Huawei ဘက်ကလည်း လီဝန်ဒေါစကီးနဲ့ စာချုပ်ဖျက်သိမ်းတဲ့အကြောင်းကို အတည်ပြုပေးခဲ့ပါတယ်။
Huawei CBG Poland က “ကျနော်တို့အနေနဲ့ လီဝန်ဒေါစကီးနဲ့ ပါတနာစာချုပ် ရပ်ဆိုင်းသွားတဲ့အတွက် စိတ်မကောင်းဖြစ်ရပါတယ်။ ကျနော်တို့တွေ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ ကာလအတွက် ကျေးဇူးတင်ပြီး အနာဂတ်မှာလည်း လီဝန်ဒေါစကီးတယောက် အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ဖို့ ဆုတောင်းပေးပါတယ်” လို့ အီးမေးလ်ထဲမှာ ရေးသားဖော်ပြခဲ့ပါတယ်။