ယူနိုက်တက်ဟာ မနေ့ညက ဝက်ဖို့ဒ်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဥ်အပြီးမှာ ရာသီကုန် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် တော်တော်လေး ရုန်းကန်ရတော့မယ့် အနေအထားတရပ်ကို ရောက်ရှိသွားခဲ့ပါတယ်။ ယူနိုက်တက်အနေနဲ့ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် (၄) နေရာကို ရယူထားဆဲဆိုပေမယ့် အဆင့် (၅) နေရာက အာဆင်နယ်ထက် သုံးပွဲပိုကစားထားကာ ရမှတ် (၂) မှတ်သာ အသာရရှိထားပါတယ်။

ဒါ့အပြင် မနေ့ကပွဲမှာလည်း အပိုင်အခွင့်အရေးတွေကို ယူနိုက်တက်တိုက်စစ်ပိုင်းက ထပ်မံဖြုန်းတီးပစ်ခဲ့ပြီး ရော်နယ်ဒိုကိုယ်တိုင်ကလည်း သာမန်ပျမ်းမျှအဆင့် ခြေစွမ်းပြနိုင်ဖို့တောင် ရုန်းကန်ခဲ့ရပါတယ်။ ရော်နယ်ဒိုဟာ ယူနိုက်တက်အတွက် နောက်ဆုံးဆယ်ပွဲမှာ တဂိုးသာ သွင်းယူနိုင်ခဲ့ပြီး မနေ့ကပွဲအချက်အလက်တွေကလည်း ယူနိုက်တက်တို့ လာမယ့်နွေရာသီမှာ နောက်ထပ် ကမ္ဘာ့အဆင့် တိုက်စစ်မှူးတယောက် ထပ်ခေါ်ဖို့ လိုအပ်နေတယ်ဆိုတာကို သက်သေပြခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ဝက်ဖို့ဒ်နဲ့ပွဲမှာ ဂိုးပေါက်ကို (၄) ကြိမ် ကန်ခွင့်ရရှိခဲ့ပေမယ့် (၁) ကြိမ်သာ ဂိုးပေါက်တည့်ခဲ့ပြီး ဘောလုံးထိချက်ကလည်း မိနစ် (၉၀) လုံးလုံးမှ (၃၆) ကြိမ်သာရှိခဲ့ပါတယ်။ တိကျတဲ့ ပေးပို့မှု (၁၈) ကြိမ်၊ ဘောလုံးဆွဲပြေးမှု (၁) ကြိမ်သာ လုပ်နိုင်ခဲ့တာက အချက်အလက်တွေအရ စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ကြားရက်က ကစားခဲ့တဲ့ အက်သလက်တီကိုနဲ့ ချန်ပီယံလိဂ် ရှုံးထွက် (၁၆) သင်းအဆင့် ပထမအကျော့ပွဲစဥ်မှာလည်း ဂိုးပေါက်ကို (၂) ကြိမ်သာ ကန်သွင်းခွင့်ရရှိခဲ့ပါတယ်။ ယူနိုက်တက်ဟာ ပုံမှန်အားဖြင့်လည်း လာမယ့်နွေရာသီမှာ ဟာရီကိန်း ဒါမှမဟုတ် ဟာလန်းတို့လို ကမ္ဘာ့အဆင့် တိုက်စစ်မှူးတယောက်ယောက်ကို အရခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။
ရော်နယ်ဒိုကလည်း ဒီအစီအစဥ်ကို ထောက်ခံထားတယ်လို့ သတင်းတွေက ထွက်ပေါ်နေပေမယ့် အခုတခါမှာတော့ ရော်နယ်ဒိုနဲ့ တွဲကစားခိုင်းဖို့ မဟုတ်ဘဲ ရော်နယ်ဒိုနေရာ အစားထိုးဖို့သာ ခေါ်ယူရမှာဖြစ်တယ်ဆိုတဲ့ အယူအဆတွေလည်း အခိုင်အမာ ထွက်ပေါ်နေခဲ့ပါတယ်။